Sabal Thwin

ရွှေထူးဟာ ဇနီးဖြစ်သူ ရွှေမှုံရဲ့ သီချင်းအသစ်လေး အောင်မြင်နေမှုအတွက် ဝမ်းသာပီတိဖြစ်လို့နေပါတယ်။ မိန်းမပဲ သီချင်းဆိုတာမဟုတ်ဘူး သူလည်း သီချင်းဆိုသေးတယ်လို့ စနောက် ခဲ့ပါသေးတယ်။

Photo: Htoo Khant

ရွှေထူးကိုယ်တိုင်ရေးသားပြီး ရွှေမှုံရတီ သီဆိုထားတဲ့ ‘’ချစ်တယ်’’ဆိုတဲ့ သီချင်းလေးကတော့ လူငယ်ပရိသတ်တွေကြားမှာ အောင်မြင်မှုရရှိနေတာဖြစ်ပါတယ်။ ရွှေမှုံအတွက် သီချင်းအသစ်လေး ဖန်တီးဖြစ်ခဲ့တဲ့အကြောင်းကို မီဒီယာတွေကနေတဆင့် ရွှေထူးက ပြောပြလာပါတယ်။

‘’ နည်းနည်းတော့ လိုအပ်ချက်လေးတွေ ပြောပြရတာပေါ့နော်။ ဒီသီချင်းက အရမ်းမခက်တော့ သိပ်လည်း မသင်ပေးရပါဘူး။ ဒီသီချင်းကတော့ Vocal ပိုင်း ထူးထူးခြားခြား တက်လာတဲ့ပုံစံမျိုးတော့ မြင်ရမှာ မဟုတ်ပါဘူး။ ဒါလေးက ပေါ့ပေါ့ပါးပါးပဲလေ လူငယ်တွေ နားဆင်ဖို့လောက်ပါပဲ’’ လို့ သူကဆိုပါတယ်။

Photo: Htoo Khat

အဲဒီနောက် အချစ်တွေ အများကြီး ပိုင်ဆိုင်နိုင်ကြဖို့ ‘’ချစ်တယ်’’သီချင်းလေးကို ရေးသားခဲ့တယ်လို့ ရွှေထူးက ပြောပါတယ်။ ရွှေမှုံရဲ့ ဂီတလှုပ်ရှားမှုကိုလည်း သူက အမှတ်ပေးခဲ့ပါသေးတယ်။

‘’ ကျွန်တော့်အိမ်မှာ Home Studio လေးရှိတယ်။ သူစိတ်ပါတဲ့အချိန်ဆိုရင် အသံသွင်းဖြစ်တယ်။ ကျွန်တော်က အသံဖမ်းပေးတယ်။ ကျွန်တော်ကတော့ သူ့ရဲ့ သီချင်းဆိုသံကိုတော့ ၇၀ ရာခိုင်နှုန်း၊ ၈၀ ရာခိုင်နှုန်းလောက်တော့ အမှတ်ပေးချင်ပါတယ်။ အရင်တစ်ခေါက်တုန်းက ထွက်ခဲ့တာ ‘’အမှား’’ဆိုတော့ ရန်ပဲခဏခဏဖြစ်နေမှာစိုးလို့ ဒီတစ်ခါတော့ ‘’ချစ်တယ်’’ဆိုတဲ့ သီချင်းလေး ထွက်မယ် ဆိုပြီးတော့ စီစဉ်ဖြစ်သွားတာပါ’’ ဆိုပြီးတော့ သြဂုတ်လ ၁ ရက်နေ့က ‘’စစ်ကား’’ရုပ်ရှင်ကားကြီး ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Htoo Khant

‘’ချစ်တယ်’’ သီချင်းလေးက အောင်မြင်ခဲ့တာဖြစ်တဲ့အတွက် ဇနီးချောလေးကိုယ်စား ဝမ်းသာပီတိဖြစ်မိတယ်လို့ ရွှေထူးက ပြောပါတယ်။

‘’ပရိသတ်တွေအနေနဲ့ ရသတစ်မျိုးခံစားရတယ်ဆိုရင် ကျေနပ်ပါတယ်။ အဓိက ကတော့ အားလုံးဖန်တီးကြတာပေါ့နော်။ ဒီလို MTV တစ်ပုဒ်ဖြစ်လာဖို့လည်း မလွယ်ဘူးပေါ့နော်။ ဒါပေမယ့် သီချင်းလေးကို ကြိုက်နှစ်သက်ကြတဲ့အတွက် ကျွန်တော်က ဘေးကနေထိုင်ပြီးတော့ ပီတိဖြစ်ပါတယ်။ အခုကမိန်းမကပဲ သီချင်းဆို၊ မိန်းမကပဲ သရုပ်ဆောင်နေတာ။ ကျွန်တော်လည်း သီချင်းတွေဆိုပါသေးတယ်’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ဖြေဆိုခဲ့ပါတယ်။

Photo:Htoo Khant

ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဟာ အောက်တိုဘာ(၃၀) ရက်နေ့နေပြည်တော် Park Royal hotel မှာ နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာ ဖြစ်ပြီး နိုဝင်ဘာ(၉) ရက်နေ့မှာ မှော်ဘီမြို့နယ်မှာ ရှိတဲ့ အောင်ဇဗ္ဗူတောရကျောင်းမှာ မင်္ဂလာဦး ဆွမ်းကျွေးအလှူပြုလုပ်ခဲ့ပါတယ်။ ရွှေထူးကိုတော့ အချစ်သီချင်း ချိုချိုလေးတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ သီချင်းတိုင်းကလည်း လူငယ်ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျခဲ့တာတွေချည်းပါပဲ။ 


ဆက်စပ်အကြောင်းအရာများ


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က