ဇူလိုင်လ ၂၅ ရက်နေ့ဆိုရင် ၂၂ နှစ်ပြည့်ပါပြီ။
Sabal Thwin

ဟန်တီက ဇူလိုင်လ ၂၅ ရက်နေ့ဆိုရင် အသက် ၂၂ နှစ်ပြည့်ပြီဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့မတိုင်ခင် သစ်တံခါးကျောင်းမှာ အလှူလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

သရုပ်ဆောင် ဟန်တီက သူမရဲ့ ဇူလိုင်လ ၁၂ ရက်နေ့မှာ သူမရဲ့ မွေးနေ့အလှူအဖြစ် သစ်တံခါးကျောင်းတိုက်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဟန်တီ့ရဲ့ မွေးနေ့အမှန်ကတော့ ဇူလိုင်လ ၂၅ ရက်နေ့ ဖြစ်ပါတယ်။ မွေးနေ့ မတိုင်ခင် အလှူလေးတွေ လုပ်ဖြစ်နေတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာဖြေဆိုခဲ့ပါတယ်။

‘’ ဒီနေ့ကတော့ ဟန်တီ့ရဲ့ အသက် ၂၂ နှစ်ပြည့် မွေးနေ့အလှူလေးပေါ့နော်။ ဒီမွေးနေ့အလှူကို ဟန်တီက ရက်လေးလည်း ရတုန်း၊ သောကြာနေ့လည်းဖြစ်တဲ့အတွက် မွေးနေ့အကြို အလှူလေး လုပ်ဖြစ်တာပါ။ သစ်တံခါးကျောင်းတိုက်မှာ နေ့ဆွမ်းလေးရယ်၊ သင်္ကန်းရယ် ကပ်ဖြစ်တယ်။ မြန်မာမုန့်တွေနဲ့ နောက်ထပ် နေ့လည်စာပါ လှူဒါန်းသွားမှာပေါ့နော်။ ဘုန်းဘုန်းကိုလည်း ကိုယ်တိုင် ဆွမ်းကပ်တာ ဒါက ပထမဆုံးပါပဲ’’ လို့ သူကပြောပါတယ်။

အဲဒီနောက် ဟန်တီ့ရဲ့ မွေးနေ့အလှူကို ရောက်ရှိလာတဲ့ ဇေယျကလည်း ဟန်တီ့အတွက် မွေးနေ့ ဆုတောင်းစကားပြောခဲ့ပါတယ်။

‘’ဟန်တီ မွေးနေ့ကစပြီး နောက်နှစ်ပေါင်းများစွာ အနုပညာလောကမှာ အောင်မြင်ပါစေ။ ကိုယ်ဖြစ်ချင်တဲ့ လိုအင်ဆန္ဒတွေလည်း တစ်လုံးတဝ ပြည့်စုံပါစေလို့ ဆုတောင်းပေးပါတယ်။ သူနဲ့က VCD တွေလည်းရိုက်ဖြစ်တယ်၊ အပြင်မှာလည်း ခင်နေကြတာဆိုတော့ သူ့ မွေးနေ့ ဖိတ်လို့ လာဖြစ်တာပါ’’ လို့ ဇူလိုင်လ ၁၂ ရက်နေ့မှာ ပြုလုပ်တဲ့ ဟန်တီ့ရဲ့ မွေးနေ့အလှူမှာ ဖြေဆိုခဲ့တာပါ။

ဟန်တီဟာ ၂၀၁၆ခုနှစ်မှာ အမေရိကန်မှာရှိတဲ့ New York Film Academy မှာ Acting Associates Degree ကို တက်ရောက်သင်ယူခဲ့ပါတယ်။ ကျောင်းတက်ပြီး ပြန်လာပြီးနောက်မှာလည်း Miss Myanmar World 2018 ပြိုင်ပွဲကြီးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Winner ဆုကို ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ ထို့နောက် တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss World 2018 ပြိုင်ပွဲကြီးကို မြန်မာကိုယ်စားပြုအဖြစ် သွားရောက်ယှဉ်ပြိုင်ခဲ့ရပါတယ်။

ဟန်တီက အနုပညာအလုပ်တွေလည်း လုပ်နေရသူဖြစ်သလို ပရဟိတလုပ်ငန်းတွေမှာလည်း Organization တွေနဲ့ ဖြစ်စေ၊ Miss Myanmar Charity အဖွဲ့နဲ့ ဖြစ်စေ၊ တစ်ယောက်တည်းဖြစ်စေ အားသွန်ခွန်စိုက် ဆောင်ရွက်နေသူဖြစ်ပါတယ်။ အဲဒီနောက် ၂၀၁၉ ခုနှစ်အတွင်းမှာလဲ တောင်ကိုရီးယားနိုင်ငံက ဆုချီးမြှင့်တဲ့ Asia Model Award ဆုကို ရရှိပိုင်ဆိုင်ခဲ့ပါသေးတယ်။


က္က