တရားရုံးမှာ အမှန်တရားတွေပဲ ထွက်ဆိုခဲ့ပါတယ်တဲ့။

သင်းသင်းဟာ တတိယမြောက်ရုံးချိန်းကို ရောက်လာချိန်မှာတော့ သက်သေခံပစ္စည်းတွေနဲ့အတူ အမှန်တရားတွေကို ထုတ်ဖော်ပြောပြခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက် သူမနဲ့ သရုပ်ဆောင် ဝေဠုကျော်တို့ရဲ့ ဖြစ်ရပ်တွေကိုလည်း ဆက်လက် ပြောပြထားပါသေးတယ်။

သရုပ်ဆောင် ဝေဠုကျော်ကို ကာမလိမ်လည်မှုနဲ့ တရားစွဲဆိုထားတဲ့ သင်းသင်းက ဖေဖော်ဝါရီလ ၁၉ ရက်နေ့က တတိယမြောက်ရုံးချိန်း အဖြစ် သင်္ကန်းကျွန်းတရားရုံးကို လာရောက်ခဲ့ပါတယ်။ ဒီနေ့ စစ်ဆေးခဲ့တဲ့ အမှုကိစ္စနဲ့ပတ်သက်ပြီးလည်း သင်းသင်းက မီဒီယာတွေကို ပြောပြခဲ့ပါတယ်။

‘’ဒီနေ့ကတော့ သက်သေခံပစ္စည်းတွေနဲ့ပဲ အမှန်တရားတွေ ထွက်ဆိုခဲ့ပါတယ်။ ရှေ့နေနဲ့ တိုင်ပင်ထားတာ မရှိပဲ အမှန်တရားတွေပဲ ထွက်ဆိုထားတာကြောင့် တရားသူကြီးပဲ ဆုံးဖြတ်ပါလိမ့်မယ်။ အများလည်း သိထားတဲ့အတိုင်းပဲ ငြင်းဆိုထားတာ မရှိဘူးဆိုတော့ အမှန်တရားအတိုင်းပဲ ဆက်သွားမှာပါ’’ လို့ သူကဆိုပါတယ်။ 

သင်းသင်းဟာ အမှုစတင်ရင်ဆိုင်ခဲ့ရချိန်ကတည်းက ဝေဖန်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ဒီဝေဖန်မှုတွေအပေါ် သင်းသင်းက သူ့ရဲ့ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း ရင်ဖွင့်ပြောပြလာပါတယ်။

‘’ကိုယ့်ကို တိုက်ခိုက်နေသူ တော်တော်များများက အခုခေတ် ဖေ့စ်ဘွတ်ကအတိုင်း လိုက်ခံစားနေရင် သေသွားလိမ့်မယ်။ အစ်မဆို ဖေ့စ်ဘွတ်ကို မကျွမ်းကျင်ဘူး။ ဖေ့စ်ဘွတ်ဆိုတာ သူများအတင်း သုူများမကောင်းကြောင်းပြောဖို့မဟုတ်ဘူးလို့ ထင်တာပဲ။ အစ်မကို ဝေဖန်တိုက်ခိုက်သူတွေကလည်း အနုပညာသမားချင်း ပြန်သတ်တာမျိုးရှိပါတယ်’’ လို့ ဆိုပါတယ်။

သင်းသင်းဟာ အမှုစတင် ဆောင်ရွက်ချိန်၊ မီဒီယာတွေကို စတင်အသိပေးလိုက်ချိန်မှာတော့ သရုပ်ဆောင် ဝေဠုကျော်ဘက်က ငွေကြေးနဲ့ပတ်သက်ပြီး ညှိနှိုင်းတာမျိုးတွေရှိတယ်လို့လည်း ဆိုပါတယ်။ သူမကိုယ်တိုင်က ငွေမက်သူမဟုတ်တာကြောင့် တရားစွဲဆိုတာတွေ ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း ပြောပြလာပါတယ်။

‘’စပြီးတော့ အင်တာဗျူးကြတဲ့အချိန်မှာ လာရောက်ညှိနှိုင်းတာတွေရှိပါတယ်။ ပရဟိတသမားတစ်ယောက်ရယ်၊ ဇာတ်မင်းသမီးတစ်ယောက်ရယ် သူတို့ လာညှိပါတယ်။ အဲဒီအချိန်မှာ ငွေစကားပါလာတယ် အစ်မအရမ်းတော့ ဒေါသဖြစ်သွားတယ်။ အသိပညာရှိသူတိုင်း စဉ်းစားတတ်မှာပါ ငွေစကားပြောတတ်မယ်ဆိုရင် သူလည်း အရှက်မကွဲပါဘူး၊ အစ်မလည်း အရှက်မကွဲပါဘူး၊ ဒီအထိလည်း ရောက်စရာမရှိပါဘူး။ သူက နိုင်ငံကျော် မင်းသားတစ်ယောက်ဖြစ်တော့ သူ့အနေအထားနဲ့ အစ်မအနေအထား အရမ်းကွာတယ်။ ငွေသာမက်လို့ ညှိရမယ်ဆိုရင် ဒီကိုရောက်စရာအကြောင်းမရှိဘူးလို့ အစ်မ ခံယူထားတာပါ’’ လို့ ဆက်လက် ပြောပြထားပါတယ်။

သင်းသင်းဟာ သရုပ်ဆောင် ဝေဠုကျော်ကို ကာမလိမ်လည်ရယူမှု ပုဒ်မ(၄၁၇)နဲ့ ဇန်နဝါရီ (၈) ရက်နေ့က ရန်ကုန်မြို့၊ သင်္ကန်းကျွန်းမြို့နယ် တရားရုံးမှာ ဦးတိုုက်လျှောက်ခဲ့တာ ဖြစ်ပါတယ်။ တရားလို သင်းသင်းဘက်မှာတော့ ရှေ့နေ ရောဘတ်စန်းအောင်က တရားလိုရှေ့နအဖြစ် အမှုဆောင်ရွက်ပေးနေတာကို တွေ့ရပါတယ်။



က္က