တောကလာတဲ့သူဖြစ်ပေမယ့် ကြိုးစားရင် အောင်မြင်တယ်။
Sabal Thwin

နေမင်းက အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်လာပေမယ့်လည်း သူ့ကို မွေးဖွားခဲ့တဲ့ သက္ကလ ရွာလေးကို ဘယ်တော့မှ မမေ့တဲ့အကြောင်းပြောလာပါတယ်။ ဒီကျေးရွာလေးရဲ့ လိုအပ်ချက်တွေကိုလည်း တတ်နိုင်တဲ့ဘက်က ဖြည့်ဆည်းပေးဖြစ်တယ်လို့ဆိုပါတယ်။

Photo: Nay Min

နေမင်းရဲ့ မွေးရပ်ဇာတိကတော့ ပဲခူးတိုင်း၊ ပဲခူးမြို့ အတွင်းမှာရှိတဲ့ သက္ကလကျေးရွာ ဖြစ်ပါတယ်။ သူဟာ နယ်က လာတဲ့လူငယ်တစ်ယောက်က ရန်ကုန်မှာကြိုးစားအလုပ်လုပ်ရင်လည်း အောင်မြင်နိုင်တဲ့သူ ဖြစ်မယ်ဆိုတာကို Duwun Media ကနေ ပြောပြခဲ့ပါတယ်။

‘’ ကျွန်တော်တို့ မြန်မာလူမျိုးတွေမှာကလေ ကိုယ့်ကိုယ်ကိုယ် နယ်က လာလို့ရှိရင် သိမ်ငယ်တဲ့စိတ်လေးတွေရှိကြတယ်။ ကျွန်တော်ကတော့ အဲဒါမျိုး မဖြစ်စေချင်ဘူး။ တကယ်တော့ နယ်က လာတဲ့ လူတစ်ယောက်က ကြိုးစားရင် ဖြစ်နိုင်တာပဲ။ နယ်ကလာတဲ့ လူအတွက်က ရန်ကုန်လိုနေရာမျိုးလာလို့ရှိရင် တော်တော်လေးကို ကြိုးစားရတယ်ပေါ့နော်။ ကိုယ်လည်း တောကတက်လာပြီးတော့ ဒီလိုအခြေအနေကို ရောက်တယ်ပေါ့နော်။ ဒါကို တောက တက်လာတဲ့ လူငယ်တွေ အကုန်လုံးက ကြိုးစားချင်တဲ့ စိတ်များရှိမလားဆိုပြီးတော့ ကျွန်တော့် အတွေးလေးနဲ့ ကျွန်တော် ဖြေကြည့်တာပေါ့နော်’’ လို့ ဆိုပါတယ်။

Photo: Nay Min

သူဟာ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်လာပေမယ့်လည်း သူ့ကို မွေးတဲ့ ဇာတိကို ဘယ်တော့မှ မမေ့ဘူးလို့ဆိုပါတယ်။ သူ့ရဲ့ ကျေးရွာအတွက်လည်း သူဟာဂုဏ်ယူတတ်သူပါလို့ စက်တင်ဘာလ ၂၂ ရက်နေ့ မနက်ပိုင်းက ‘’ရှေ့သွားနောက်လိုက်’’ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။

‘’ အောင်မြင်တာ ကျရှုံးတာက ပတ်ဝန်းကျင်နဲ့ ဆိုင်တယ်။ ကိုယ့်ကို မွေးခဲ့တဲ့နေရာကလည်း အသက်ကြီးလာမှ တခြားနေရာမှာ မွေးတယ်လို့ပြောလို့မှမရတာ။ ကျွန်တော့်ကို သက္ကလမှာ မွေးခဲ့တယ်။ ဒီရွာလေးမှာ မွေးခဲ့တယ်ဆိုတာကတော့ ပြောရမှာပဲ။ တစ်ခါတလေမှာ သိမ်ငယ်စိတ်ကြောင့် မပြောတာတွေရှိတယ်၊ တစ်ခါတလေမှာလည်း ဂုဏ်ယူစိတ်နဲ့ ပြောတာမျိုးရှိတယ်။ ကျွန်တော်ကတော့ အချိန်တိုင်း ဒီလိုပဲ ပြောမိနေတာပဲ’’ လို့ သူကဆိုပါတယ်။

Photo: Nay Min

နေမင်းက သူ့ရဲ့ မိသားစုနဲ့ အတူ အလှူအတန်းတွေ မကြာခဏ လုပ်ဖြစ်တယ်လို့ဆိုပါတယ်။ သူ့ရဲ့ သက္ကလ ကျေးရွာမှာလည်း တတ်နိုင်သလောက် လှူဒါန်းထားတာတွေရှိတယ်လို့ ပြောပါတယ်။

‘’ ကျွန်တော်တို့ သက္ကလကျေးရွာဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်လေးရှိတယ်။ ရွာမှာဆို ထရန်စဖာတွေရှိတယ်၊ ကားလမ်းတွေ၊ တံတားတွေ၊ နောက်ဆုံး သချိုင်းမျာ မီးသဂြိုဟ်စက် လှူထားတာရှိတယ်။ ရေရှားပါးတဲ့ အခါတွေ ဆိုရင် သုံးလို့ရအောင် ရေကန်အကြီးကြီး တူးထားတာတွေရှိပါတယ်။ လှူထားတာတွေက အများကြီးရှိပါတယ်။ လှူတိုင်းပြောနေမိရင်လည်း ထုတ်ကြွားသလို ဖြစ်မှာ စိုးလို့ပါ’’ လို့ ဆက်လက်ဖြေဆိုခဲ့ပါတယ်။

Photo: Nay Min

သရုပ်ဆောင်နေမင်းကို ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း အစ်ကိုဖြစ်သူရဲ့ ရွှေစင်ဦး ရုပ်ရှင်ထုတ်လုပ်ရေးနဲ့လည်း ဇာတ်ကားတွေရိုက်နေသူပါ။ အဲဒီနောက် မိသားစု စီးပွားရေးကို ဦးဆောင်ပေးနေရတဲ့သူဖြစ်တာကြောင့်လည်း အနုပညာအလုပ်တွေကို အရင်ကလောက် လုပ်တာ သိပ်မတွေ့ရတော့ပါဘူး။ သူ့ဟာ ငယ်ငယ် ကတည်းက စစ်ဗိုလ်တစ်ယောက်ဖြစ်ဖို့ ဝါသနာပါခဲ့ပေမယ့် မင်းသားတစ်ယောက်ဖြစ်လာတဲ့ အနုပညာရှင်တစ်ယောက်ပါပဲ။




ဆက်စပ်အကြောင်းအရာများ


က္က