ဆုံးမပေးတာတွေတော့ရှိပါတယ်။

အနုပညာအလုပ်တွေ လုပ်နေရပြီဖြစ်တဲ့ မြေးလေး ဝင်းခန့်မိုးအတွက် အဘွားဖြစ်သူ ချိုပြုံးကတော့ ဝမ်းသာပီတိဖြစ်လို့နေပါတယ်တဲ့။ အနုပညာအလုပ်နဲ့ ပတ်သက်လာရင်လည်း ဆုံးမသွန်သင်ပေးတာတွေရှိတယ်လို့ ဆိုပါတယ်။

Photo: ဝင်းခန့်မိုး

သရုပ်ဆောင် ချိုပြုံးက အနုပညာအလုပ်တွေ လုပ်နေရပြီဖြစ်တဲ့ မြေးဖြစ်သူ ဝင်းခန့်မိုးအတွက် ဝမ်းသာကျေနပ်နေရပါပြီတဲ့။ မြေးလေးအတွက်ကိုလည်း စိတ်ပူစရာမလိုတော့ဘူးလို့ Duwun Media ကနေ ပြောပြလာပါတယ်။

‘’ မေချို ဝမ်းသာတာပေါ့။ ဘာကြောင့်လည်းဆိုတော့ မေချိုတို့တာဝန်လည်း မရှိတော့ဘူးလေ။ သူရုပ်ရှင်ရိုက်တဲ့အခါကျရင် နောက်က မိတ်ကပ်စီစဉ်ပေးရတာ၊ အဝတ်အစား စီစဉ်ပေးရတာ၊ အနေအထိုင် စသဖြင့်ပေါ့။ အခုကျတော့ တစ်ကိုယ်ရည်သွားရုံပဲ ဟိုမှာအဆင်သင့်၊ ပြီးတော့ လေ့ကျင့်တဲ့အချိန်ကလည်း ၆ လ၊ ၇ လလောက်ပေးတယ်ဆိုတော့ သူ့အတွက် မေချိုတို့ စိတ်ပူစရာမရှိတော့ဘူး’’လို့ သူကဆိုပါတယ်။

Photo: ဝင်းခန့်မိုး

ဝင်းခန့်မိုး က အခုချိန်မှာ အသက် ၁၈နှစ်ကျော်ပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း ချိုပြုံးက မြေးဖြစ်သူရဲ့ အနုပညာအရည်အချင်းတွေကို စိတ်ချလို့ မရနိုင်သေးတဲ့အကြောင်းကိုလည်း ဆက်လက်ပြောပြလာပါတယ်။

‘’အရွယ်တော့ မရောက်လာသေးဘူး။ သို့သော်လည်း ဒီအနုပညာနယ်မှာ နေရာလေးတစ်ခုရပြီဆိုတော့ ရင်တစ်ထိတ်ထိတ်ကလေးနဲ့ ဝမ်းသာနေရတာပေါ့နော်။ အနုပညာနယ်မြေဆိုတာ သူရောက်သွားပြီ။ ဘယ်လောက်နေမလဲ။ သူ့ရဲ့ အမူအကျင့်၊ သူ့ရဲ့ စိတ်ထား၊ သူ့ရဲ့ ခံယူချက်တွေက အများကြီး လိုသေးတယ်လေ။ အဲဒါတွေကို ပြည့်ပြည့်ဝဝ ခံစားနိုင်မှ သူဒီမှာနေလို့ရမှာ။ သူ့ကို အလုံးစုံစိတ်ချလို့မရသေးဘူး’’ လို့ မြကျွန်းသာလမ်းလျှောက်သင်္ကြန်မှာ ပြောပြခဲ့ပါတယ်။

Photo: ဝင်းခန့်မိုး

အနုပညာနဲ့ပတ်သက်လာရင် မြေးဖြစ်သူကို အမြဲတမ်း ဆုံးမသွန်သင်လေ့ရှိတဲ့ စကားတွေရှိတယ်လို့ ချိုပြုံး ဆိုပါတယ်။ အလုပ်အပေါ်မှာလည်း တန်ဖိုးထားတတ်ဖို့ ပြောပြတယ်လို့ သူကပြောပါတယ်။

‘’လူမှုဆက်ဆံရေး၊ အချိန်ကိုလေးစားမှု၊ မိမိရဲ့အလုပ်ကို တန်ဖိုးထားခြင်း၊ မြတ်နိုးခြင်း၊ သူ့ကို အမြဲတမ်းပြောတဲ့ စကားတစ်ခွန်းရှိပါတယ်။ ကိုယ့်မှာ ပျော်စရာရှိရှိ၊ သောကရှိရှိ၊ ကိုယ့်ဦးနှောက်နဲ့ အသည်းနှလုံးကိုတော့ အကန့်တစ်ကန့်ဆီထားရမယ်။ အိမ်မှာဖြစ်တဲ့ကိစ္စကို အိမ်မှာပဲထားခဲ့၊ လမ်းမှာဖြစ်တဲ့ ကိစ္စကို လမ်းမှာပဲထားခဲ့၊ ရိုက်ကွင်းပေါ်ရောက်သွားပြီဆိုရင်တော့ သူဟာ လူသစ်၊ စိတ်သစ်နဲ့ လူတစ်ယောက်ပဲ ဖြစ်သင့်တယ်လို့ သင်ပါတယ်’’ လို့ သူကဆိုပါတယ်။



Photo: ဝင်းခန့်မိုး

သရုပ်ဆောင် အကယ်ဒမီချိုပြုံးဟာ အသက် ၇၂ နှစ်အရွယ်အထိ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေရတုန်းဖြစ်ပါတယ်။ အခုချိန်ထိလည်း ပရိသတ် အခိုင်အမာနဲ့ ရပ်တည်နေတဲ့ အနုပညာရှင်ကြီးတစ်ဦးပါ။ သူ့ရဲ့ မြေးလေး ဝင်းခန့်မိုး(Win Khant Moe) ကတော့ အခုလက်ရှိမှာ ဆယ်ကျော်သက် ကောင်မလေးတွေရဲ့ အသည်းစွဲ မင်းသားချောလေး တစ်ယောက် ဖြစ်လို့နေပါပြီ။ ၂၀၁၇ ခုနှစ်အတွက် ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာလည်း ရွှေကြိုတစ်ယောက်အဖြစ်ပါဝင်ခဲ့ပါသေးတယ်။ မကြာသေးခင်ကလည်း ‘’လရဲ့အောက်ဘက် မိုင်အဝေါ်မှာ’’ ဆိုတဲ့ရုပ်ရှင်ကားကြီး ရိုက်ကူးခဲ့ပြီးဖြစ်ပါတယ်။ 



က္က