ဒီနေ့မှာ အသက် ၄၈ နှစ်ပြည့်သွားပါပြီ။

ခိုင်သင်းကြည်ကတော့ သူမရဲ့ မွေးနေ့ အလှူကို နေရာတော်တော်များများမှာ ကျင်းပပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ ခင်ပွန်းဖြစ်သူဆီကလည်း သူမကိုယ်တိုင်လိုချင်တဲ့ မွေးနေ့လက်ဆောင်လေးရလိုက်တယ်လို့ ပြောပါတယ်။

ခိုင်သင်းကြည်ကတော့ စက်တင်ဘာလ ၂၇ ရက်နေ့မှာ အသက် ၄၈ နှစ်ပြည့်ပြီဖြစ်ပါတယ်။ သူမရဲ့ မွေးနေ့မှာတော့ နေရာ ၆ နေရာမှာ အလှူအတန်းတွေ လုပ်ခဲ့တယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။



‘’ လှူဒါန်းတာကတော့ မခိုင်လေး တတ်နိုင်သလောက်ပေါ့နော် အုတ်တစ်ချပ်၊ သဲတစ်ပွင့် အနေနဲ့ ကိုယ်လှူချင်တဲ့ နေရာလေးတွေပေါ့။ မေတ္တာသိင်္ဂဟ အသင်းရယ်၊ ရုပ်ရှင်သက်ကြီး ပူဇော်ပွဲအတွက်ရယ်၊ စာပေ သက်ကြီးအတွက်ရယ်၊ ဒီကျောင်းမှာ ပိဋကတ်တိုက် ဆောက်လုပ်တဲ့ နေရာမှာရယ်၊ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရယ်၊ ဂရုဏာကမ္ဘာရယ်ပေါ့နော် ဒီနေရာလေးတွေမှာ လှူဖြစ်ပါတယ်။ နေရာ ၆ နေရာပေါ့ ’’ လို့ သူကဆိုပါတယ်။

မွေးနေ့ အလှူကိုတော့ မိသားစုတွေ၊ အမျိုးတွေနဲ့ သာ ဖြတ်သန်းဖြစ်တယ်လို့ ခိုင်သင်းကြည်က ပြောပါတယ်။ ဒါပေမယ့်လည်း သူမကို ချစ်တဲ့ အမာခံ ပရိသတ်တွေက မွေးနေ့လက်ဆောင်တွေပေးရင်း အလှူလေးမှာ ဝိုင်းဝန်း အားဖြည့်ကူညီခဲ့ကြတယ်လို့ ဆိုပါတယ်။

‘’ဒီမွေးနေ့မှာတော့ မခိုင်လေးရဲ့ ချစ်ပရိသတ်တွေကလည်း လာချင်ကြတယ်၊ အလှူလေးလည်း လုပ်ချင်တယ်၊ အမျိုးတွေလည်း ကျွေးလို့ရအောင်ဆိုပြီးတော့ ဘုန်းကြီးကျောင်းမှာပဲ အလှူလေး လုပ်ဖြစ်လိုက်တာပါ။ ဒီနေ့မှာကတော့ အမျိုးတွေရယ်၊ အလှူငွေလက်ခံမယ့် မေတ္တာသိင်္ဂဟ အဖွဲ့က လူရယ်၊ မခိုင်လေးတု့ိ မိသားစုရယ်ပါပဲ’’ ဆိုပြီးတော့ စက်တင်ဘာလ ၂၇ ရက်နေ့ မနက်က မွေးနေ့ အလှူမှာ ဖြေဆိုခဲ့တာပါ။

ဒီတစ်ခါ မွေးနေ့မှာတော့ ခင်ပွန်းဖြစ်သူဆီက အလိုချင်ဆုံး ပိုက်ဆံအိတ်လေးကို မွေးနေ့လက်ဆောင်ရခဲ့တယ်လို့ ဝမ်းသာပီတိတွေဖြစ်ရင်း ပြောခဲ့တာပါ။

‘’ လက်ဆောင်က ရပြီးသွားပြီ ပိုက်ဆံအိတ်လက်ဆောင်ဝယ်ပေးထားတယ်။ ဖုန်းတွေ ဝယ်ပေးလွန်းလို့ ဖုန်းမဝယ်ပေးနဲ့ မလိုချင်တော့ဘူးလို့တောင်ပြောပြီးပြီ။ ဖုန်းက တစ်လုံးတည်းနဲ့ကို တိုင်ပတ်နေတာ ဖုန်းမလိုချင်တော့ဘူး။ ပေးတဲ့ လက်ဆောင်တွေကိုလည်း ကြိုက်ပါတယ်။ ကိုယ်ကြိုက်တာတွေ ရွေးပစ်လိုက်တယ်လေ’’ ဆိုပြီးတော့ သဘောကျရယ်မောရင်းပြောပြလာပါတယ်။

ခိုင်သင်းကြည်(Khine Thin Kyi)ဟာ ကျရာဇာတ်ရုပ်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ တစ်ဦးဖြစ်ပြီ့ပရိသတ်များရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားသူလည်း ဖြစ်ပါတယ်။၂၀၁၃ခုနှစ်က စုန်းပြူး ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိထားသူ တစ်ဦးဖြစ်ပြီး ၂၀၁၄ခုနှစ်မှာ ကောင်းကျိုးကိုယ်၌တည်စေမင်း ရုပ်ရှင်ဇာတ်ကား နဲ့ ကောင်းဆုံးအမျိုး သမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ သူမဟာ ခင်ပွန်းဖြစ်သူ ကိုခန့်နိုင်နဲ့ ၂၀၀၂ ခုနှစ်မှာ မင်္ဂလာဆောင်ခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ တစ်ဦးတည်းသော သမီးလေး စံထိပ်ထားဦးကို ပိုင်ဆိုင်ထားပါပြီ။  




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က