နေမင်းအမေကို နေမင်းထက် ပိုချစ်ပေးနိုင်မယ့်သူပဲ ရစေချင်တယ်။

အေးမြတ်သူက နေမင်းကို အိမ်ထောင်မပြုစေချင်ဘူးလို့ ဆိုပါတယ်။ အိမ်ထောင်ပြုခဲ့ရင်လည်း ယောက္ခမကို အမေလို ချစ်ပေးနိုင်မယ့် ချွေးမမျိုးပဲ ဖြစ်စေချင်တယ်လို့ သူမရဲ့ ဆန္ဒကို ပြောပြလာပါတယ်။

Photo: Nay Min



သရုပ်ဆောင် အေးမြတ်သူက အနုပညာအစ်ကိုတစ်ယောက်လို ချစ်ခင်ရတဲ့ နေမင်းကို အိမ်ထောင်မပြုစေ ချင်ဘူးလို့ ဆိုပါတယ်။ နေမင်းက အမေကို အရမ်းချစ်တဲ့ သားတစ်ယောက်ဆိုတာကိုလည်း Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

‘’ သူ့ကို အိမ်ထောင်မပြုစေချင်ဘူး။ သူ့ကို သူ့အမေက အရမ်းချစ်တာ သူကလည်း အမေကို အရမ်းချစ်တဲ့လူ။ ပြီးတော့ အိမ်မှာလည်း အငယ်ဆုံးသား လူပျိုဆိုတော့ သူတစ်ယောက်ပဲ ကျန်တော့တာ။ အဲဒီတော့ အမေ့အတွက်က မြေးပေးစရာ မလိုတော့ဘူး’’ ဆိုပြီးတော့ ရယ်ရယ်မောမော နဲ့ ပြောပြလာပါတယ်။

Photo: Aye Myat Thu

နေမင်းက တကယ်လို့ အိမ်ထောင်ပြုခဲ့မယ်ဆိုရင်တောင် ယောက္ခမကို အမေ တစ်ယောက်လို ချစ်ပေးနိုင်မယ့် ချွေးမမျိုးဖြစ်စေချင်တယ်လို့ အေးမြတ်သူက ပြောပါတယ်။

‘’ ပြောရရင်တော့ သူ့အမေကို သူ့ထက်ပိုချစ်နိုင်တဲ့ ချွေးမမျိုးကို ရစေချင်တယ်။ အဲဒီလို အိမ်ထောင်ဘက်မျိုးကို အိမ်ထောင်ပြုစေချင်တယ်။ အရမ်းကြီး ထက်မြတ်နေစရာမလိုဘူး။ သူက လုပ်ရည်ကိုင်ရည်ရှိပြီးသား၊ အဓိက က အိမ်ထောင်မှု နိုင်နင်းပြီးတော့ သူ့အမေကို ချွေးမလိုမချစ်ပဲ သမီးလိုချစ်နိုင်မယ်၊ အမေတစ်ယောက်လို ချစ်နိုင်မယ့် မိန်းကလေးမျိုးကိုပဲ သူနဲ့ သဘောတူတယ်ရှင့်’’ လို့ ဆက်လက်ပြောပြလာပါတယ်။

Photo: Nay Min

နေမင်းက အနုပညာမောင်နှမတွေ ဖြစ်ကြတဲ့ သရုပ်ဆောင် အေးမြတ်သူရဲ့ အိမ်ထောင်ရေးအပေါ် သူဖြစ်စေချင်တဲ့ ဆန္ဒကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ အေးမြတ်သူက ရင့်ကျက်မှုရှိလာပြီလို့လည်း မီဒီယာတွေရဲ့က အင်တာဗျူးမှာ ဖြေဆိုထားပါတယ်။

‘’ အေးမြတ်သူက စိတ်ထားကောင်းတယ်။ ပွင့်ပွင့်လင်းလင်းရှိတယ်။ အခုနောက်ပိုင်းတော့ သူနည်းနည်း အရင်လိုမဟုတ်တော့ဘူး။ လူကြီးပိုဆန်ပြီး နေထိုင်တတ်လာတော့ ဒီအချိန်မှာ သူ ဘယ်လိုယောကျ်ားယူယူ အဆင်ပြေမယ့် ပုံစံမျိုးမှာရှိတယ်’’ လို့ ဆိုပါတယ်။

Photo: NK Photograph

သရုပ်ဆောင် နေမင်းနဲ့ အေးမြတ်သူတို့ဟာ အနုပညာအလုပ်တွေ အတူတူလက်တွဲဆောင်ရွက်လာခဲ့ကြတာ ဆယ်စုနှစ်တစ်ခုကို ကျော်လွန်လာပြီဖြစ်ပါတယ်။ အနုပညာမောင်နှမအချင်းချင်း ရိုင်းပင်းကူညီတတ်ကြသလို ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားတွေမှာလည်း လိုက်ဖက်ညီတဲ့ ကာရိုက်တာတွေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့ကြသူပါ။ သူတို့ နှစ်ဦးက အခုချိန်ထိ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေကြတဲ့ သရုပ်ဆောင်တွေ ဆိုရင်လည်း မမှားပါဘူး။


ဆက်စပ်အကြောင်းအရာများ



က္က