စက်တင်ဘာလ ၁၂ ရက်နေ့ဆိုရင် ရုံတင်ပြသတော့မှာပါ။
Sabal Thwin

နေတိုး၊ အိန္ဒြာကျော်ဇင်နဲ့ မေတိုးခိုင်တို့ရဲ့ သုံးပွင့်ဆိုင် အားပြိုင်သရုပ်ဆောင်မှုတွေကို မြင်တွေ့ရမယ့် ‘’ရူးအောင်ချစ်မယ့်လူ’’ရုပ်ရှင်ကားကြီးကို မကြာခင်ရုံတင်ပြသတော့မှာပါ။

ပရိသတ်ရင်ထဲကို ရောက်လာမယ့် အချစ်ဇာတ်ကားလေးကတော့ ‘’ရူးအောင်ချစ်မယ့်လူ’’ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ အထူးပြသပွဲကိုတော့ စက်တင်ဘာလ ၈ ရက်နေ့ ည က သမ္မတရုပ်ရှင်ရုံမှာ ပြုလုပ်ခဲ့ပါတယ်။

ဒီဇာတ်ကားထဲမှာတော့ နေတိုးက ‘’အလင်းသစ်” ဆိုတဲ့ ကောင်လေးနေရာက ပါဝင်သရုပ်ဆောင်ထား တာဖြစ်ပါတယ်။ ဒီဇာတ်ကားအတွက်လည်း အများကြီး ကြိုးစားထားသေးတယ်လို့ သူကဆိုပါတယ်။

‘’ ရူးအောင်ချစ်မယ့်လူ ရုပ်ရှင်ဇာတ်ကားက ကျွန်တော်တို့ အနုပညာမောင်နှမတွေ အကုန်လုံး တက်ညီလက်ညီ ကြိုးစားထားတယ်။ ကျွန်တော်လည်း ကျွန်တော် တတ်စွမ်းတဲ့ အနုပညာမှန်သမျှကို အတတ်နိုင်ဆုံး၊ အကောင်း ဆုံး ဖန်တီးထားတာဖြစ်ပါတယ်။ ဒါကြောင့်လည်း ရုပ်ရှင်ကိုချစ်တဲ့ ပရိသတ်တွေ ကြိုက်နှစ်သက်လိမ့် မယ်လို့လည်း မျှော်လင့်ပါတယ်။ ဆက်လက်ပြီးတော့လည်း အများကြီး ကြိုးစားခွင့်ရချင်ပါသေးတယ်’’ လို့ဆိုပါတယ်။

အိန္ဒြာကျော်ဇင်ကတော့ ဒီဇာတ်ကားကနေစပြီး တူမလေးဖြစ်တဲ့ မေတိုးခိုင်နဲ့ အတူတူ သရုပ်ဆောင်တဲ့ဇာတ်ကားဖြစ်ပါတယ်။ လရိပ်ညို ဆိုတဲ့ ကာရိုက်တာလေးကို သရုပ်ဆောင်ထားတယ်လို့ စက်တင်ဘာလ ၈ ရက်နေ့ည က ‘’ရူးအောင်ချစ်မယ့်လူ’’ရုပ်ရှင်ကားကြီး အထူးပြပွဲမှာ ဖြေဆိုခဲ့တာပါ။

‘’လရိပ်ညို ကာရိုက်တာကို အကောင်းဆုံး ပုံဖော်ထားပါတယ်။ ကြိုးစားထားပါတယ်။ ကိုယ်လုပ်ရတဲ့ ကာရိုက်တာလေးတွေက ဒီလို ဇာတ်လမ်းမျိုးတွေ ခပ်ဆင်ဆင်ရှိပေမယ့် ဇာတ်ကား၊ တစ်ကားနဲ့ တစ်ကား မတူအောင်၊ ကွဲလွဲအောင်လို့ ကြိုးစားပြီးတော့ သရုပ်ဆောင်ထားပါတယ်။ ပရိသတ်ကြီး ကြည့်ပြီးတော့ အားပေး ပေးပါ၊ ဝေဖန်ပေးပါလို့ပြောချင်ပါတယ်’’ လို့ သူကဆိုပါတယ်။

‘’ရူးအောင်ချစ်မယ့်လူ’’ရုပ်ရှင်ကားကြီးကတော့ မေတိုးခိုင်အတွက် ပထမဦးဆုံး ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။

‘’ ဖူးက ဒီဇာတ်ကားထဲမှာ အက္ခရာ ဆိုတဲ့ ကာရိုက်တာလေးကို သရုပ်ဆောင်ထားရပါတယ်။ ဖူးရဲ့ ပထမဦးဆုံးပွဲဦးထွက်ဇာတ်ကားလေးပါ။ အဲဒီအတွက်ကြောင့်မို့လို့ အများကြီးကြိုးစားထားပါတယ်။ အခုချိန်မှာပြန်ကြည့်ရင်တော့ ကိုယ့်ကိုယ်ကိုယ် လိုအပ်ချက်လေးတွေ ရှိတာသိပါတယ်။ အဲဒါလေးတွေကို ဝေဖန်ပေးပါ။ သုံးသပ်ပေးပါ’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

ရူးအောင်ချစ်မယ့်လူ ရုပ်ရှင်ဇာတ်ကားကြီးကိုတော့ စက်တင်ဘာလ ၁၂ ရက်နေ့က စပြီး ရန်ကုန်တစ်မြို့လုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားထဲမှာ သရုပ်ဆောင် နေတိုး၊ အိန္ဒြာကျော်ဇင် နဲ့ မေတိုးခိုင်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ နေတိုး၊ အိန္ဒြာကျော်ဇင် တို့ရဲ့ အတူတွဲ သရုပ်ဆောင်မှုတွေကို ပြန်လည်တွေ့ရတော့မှာဖြစ်တဲ့အတွက် ပရိသတ်တွေကလည်း ရင်ခုန်စိတ်လှုပ်ရှားလို့နေပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


က္က