သူကိုယ်တိုင်လည်း အားကျရတဲ့ မင်းသားတစ်ယောက်ပါ။

သိန်းလင်းစိုးက နေတိုးရဲ့ သင်ပြ ပြောပြမှုတွေကြောင့် သရုပ်ဆောင် အလုပ်တွေ လုပ်ဖြစ်ခဲ့တဲ့အကြောင်း ပြောပြလာပါတယ်။ နေတိုးကိုလည်း သူကိုယ်တိုင် အားကျရတဲ့အကြောင်းတွေ ပြောခဲ့ပါသေးတယ်။

Photo: သိန်းလင်းစိုး



ဂီတဘက်မှာလည်း ဝါသနာပါသူဖြစ်သလို သရုပ်ဆောင်ဘက်မှာလည်း ဇာတ်ကားတွေ ရိုက်ကူးလာရပြီဖြစ်တဲ့ သိန်းလင်းစိုးက နေတိုးရဲ့ အားပေးစကားတွေ အကြောင်းကို မီဒီယာ အင်တာဗျူးတွေကနေတဆင့်ပြောပြလာပါတယ်။

‘’အရင်တုန်းကကျတော့ ကိုယ်က အဆိုကို ပိုအားသန်တာပေါ့နော်။ ရုပ်ရှင်ဘက်မှာကျတော့ ကိုယ်က မျိုးရိုးလည်း မရှိဘူး။ အဆက်အသွယ်လည်း မရှိတဲ့အခါမျိုးကျတော့ ဒီဘက်ထဲဝင်ဖို့က အကြာကြီးဖြစ်နေတာပေါ့နော်။ ကိုနေတိုးဆို ကျွန်တော့်ကို တစ်ခါပြောဖူးတယ် မင်းဘာလို့ သီချင်းတွေ လျှောက်ဆိုနေတာလဲတဲ့။ ပြောချင်တာက သူက သရုပ်ဆောင်လိုင်းဘက်ကို စောစောရောက်စေချင်တယ်။ ပျော်သွားတာပေါ့’’ ဆိုပြီးတော့ ဇွန်လ ၂၈ ရက်နေ့က ငါတို့သည်ရုပ်ရှင်ကားကြီး ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: သိန်းလင်းစိုး

အဲ့ဒီနောက် သူနဲ့ နေတိုးနဲ့ ရိုက်ခဲ့ဖူးတဲ့ ဇာတ်ကားတွေ ရှိတယ်လို့ ဆိုပါတယ်။ ရိုက်ကွင်းပေါ်မှာ ခဏခဏ ဆုံဖြစ်တာကြောင့်လည်း နေတိုးကို ပိုလေးစားမိတယ်လို့ သိန်းလင်းစိုးက ပြောပါတယ်။

‘’ကိုနေတိုးနဲ့က ဇာတ်ကားရိုက်တာ ၃ ကား၊ ၄ ကားလောက် ဆုံတယ်။ အဲဒီတုန်းကလည်း တော်တော် နီးနီးကပ်ကပ်ကို ဆုံရတာကိုး။ တချို့ဇာတ်ကားတွေမှာဆိုရင် သူနဲ့ ကျွန်တော် တော်တော်ရင်းရင်းနှီးနှီးကို ဆုံရတယ်။ သူက အမြဲတမ်း မြင်နေ တွေ့နေတာဆိုတော့ လိုတာရှိရင် သင်ပေးတယ်။ အားမလို အားမရ ဖြစ်တဲ့အပိုင်းတွေရှိရင်လည်း သင်ပြပေးပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: သိန်းလင်းစိုး

သိန်းလင်းစိုးက စွယ်စုံရမင်းသားတစ်ယောက်ဖြစ်တဲ့ နေတိုးအပေါ် သူ့ရဲ့ သဘောထားကို အခုလို ပြောပြခဲ့ပါသေးတယ်။

‘’ ကျွန်တော်အရမ်းကြိုက်တဲ့ မင်းသားထဲမှာ ကိုနေတိုးလည်း ပါတယ် ခင်ဗျ။ စွယ်စုံရတယ်လေ။ ကျွန်တော် သိရသလောက်က အလုပ်အပေါ်မှာလည်း အရမ်း ဂရုစိုက်တယ်။ သူနဲ့ မဆိုင်တဲ့ ကိစ္စတွေက အစ သူအကုန်လေ့လာတယ်။ နောက်ဆုံး ရှုတင်မှာ မိတ်ကပ်လား၊ မီးထိုး၊ မှန်ထိုးလား အကုန်ပါပဲ။ ဒီရိုက်ကွင်းတစ်ခုလုံးပေါ်မှာ သူမသိတာ မရှိသလောက်ပါပဲ။ ဘာပဲပြောပြော ကိုနေတိုးက ကျွန်တော် လေးစားအားကျရတဲ့ အနုပညာရှင်တွေထဲမှာ ပါတယ်။’’ လို့ ဆက်လက် ပြောပြခဲ့ပါတယ်။

Photo: သိန်းလင်းစိုး

သိန်းလင်းစိုးကိုတော့ ပရိသတ်တွေက အဆိုတော်တစ်ဦးအဖြစ် သိရှိခဲ့တာဖြစ်ပါတယ်။ ဂီတလမ်းကြောင်းပေါ်မှာလည်း ဆယ်ကျော်သက် လူငယ်တွေကြိုက် အနုပညာရှင်တစ်ယောက်ပါ။ အခုဆိုရင်တော့ သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်လာရသူ တစ်ယောက်ပါ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က