ဦးမိုးဒီနဲ့ ဆရာ နီကိုရဲကတော့ ခံလိုက်ရပြီ။

ဟာသသရုပ်ဆောင်ကြီး ဦးမိုးဒီနဲ့ နာမည်ကျော် ကာတွန်းဆရာ နီကိုရဲတို့ကတော့ စိုးပြည့်ရဲ့ အလွဲတွေကြားမှာ ဟာခနဲ၊ ဟင်ခနဲတောင်ဖြစ်သွားရပါတယ်တဲ့။ စိုးပြည့်သဇင်က သူမနဲ့ နာမည်ကျော် အနုပညာရှင်တချို့ရဲ့ ဟာသအလွဲတွေအကြောင်း ပြောပြလာပါတယ်။


Photo: Soe Pyae Thazin

သရုပ်ဆောင် စိုးပြည့်သဇင်က သူမရဲ့ ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့ အမှတ်တရအလွဲလေးတွေအကြောင်း ပြောပြလာပါတယ်။ အဲဒီအထဲမှာမှ ဝါရင့်ဟာသ သရုပ်ဆောင်ကြီး ဦးမိုးဒီနဲ့ အမှတ်တရ အလွဲလေးကို Duwun Media ကနေပြောပြခဲ့ပါသေးတယ်။

‘’ စိုးပြည့်ရယ်၊ ဦးမိုးဒီရယ် ကားရိုက်ကြတယ်။ စိုးပြည့်ဖေဖေနဲ့ ဦးမိုးဒီနဲ့ကခင်တယ်။ ဦးမိုးဒီက သမီးရဲ့ ဖေကြီးရောလို့ မေးတဲ့အခါကျတော့ အဲဒီအချိန်မှာ ဖေကြီးက ဆိုင်ကနေဝယ်လာတဲ့ ငါးမုန့်ကြော်လေးတွေကို ခွေးကျွေးနေတာပေါ့နော်။ အဲဒီ ငါးမုန့်ကြော်တွေကို စိုးပြည့်ကလည်း ယူလာတာ၊ အဲဒီအချိန်မှာ ဦးမိုးဒီက ဖေကြီးရောဆိုတော့ ဖေကြီး ခွေးကျွေးနေတယ်လို့၊ အဲဒါနဲ့ သမီးကို ဘာတွေကျွေးနေတာလဲ ဆိုတော့ ငါးမုန့်ကြော်ကျွေးတာ ဦးမိုးရော စားဦးမလားလို့ ပြန်ပြောလိုက်တော့ ဟာ ဖြစ်သွားပြီး ငါ့သားက အဲဒါကြောင့်ပြောတာ နင်က အလွဲပါ ဆိုတာကိုတဲ့’’ ဆိုပြီးတော့ လူးလူးစိန် ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကွင်းပေါ်မှာ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။



Photo: Facebook

အဲဒီနောက် နာမည်ကျော် ကာတွန်းဆရာတစ်ဦးဖြစ်တဲ့ နီကိုရဲနဲ့လည်း ဟာသအလွဲလေးတွေ ဖြစ်ခဲ့ရသေးတယ်လို့ စိုးပြည့်သဇင်က ပြောပါတယ်။ ဒါကတော့ အနုပညာအလုပ် စလုပ်ကာစက အမှတ်တရ အလွဲလေး ကြုံခဲ့ရတာပါတဲ့။

‘’စာရေးဆရာ နီကိုရဲဆိုတာရှိတယ်။ နီကိုရဲဆိုတာကို နာမည်ပဲသိတယ်၊ လူမသိဘူး။ သူက ပိန်ပိန်လေး၊ နေတာထိုင်တာကလည်း တကယ့် စာရေးဆရာကြီးတွေလို မနေဘူး။ သူလိုကိုယ်လိုလေးပဲနေတာ။ အဲဒီအချိန်မှာ စိုးပြည့်က MTV လေးရိုက်နေတာ သူကရောက်လာရော၊ စကားတွေဘာတွေပြောနေရော၊ ပြောနေတဲ့အချိန်မှာလည်း ကိုနီကိုရဲဆိုတာ မသိဘူး။ စိုးပြည့်က မင်းသမီးဖြစ်ခါစ ပရိသတ် ၁ ယောက်၊ ၂ ယောက်၊ ၃ ယောက်လောက်က လက်မှတ်တွေ လာလာထိုးခိုင်းနေတာ။ ကိုနီကိုရဲကလည်း အဲဒီအချိန်ထိရှိတယ်၊ စကားလာပြောလိုက်၊ ဟိုဘက်နားသွားလိုက်နဲ့ စိတ်ထဲမှာ ဒီလူကြီးက လက်မှတ်လိုချင်လို့လား မသိဘူး ဆိုပြီးတော့ ဦး လက်မှတ်ထိုးပေးရမလားဆိုတော့ ကို နီကိုရဲက ဟာခနဲပေါ့။ မသိဘူး အဲဒီအချိန်မှာ လက်မှတ်က တအားထိုးချင်နေပြီ’’ ဆိုပြီးတော့လည်း ဟက်ဟက်ပက်ပက် ရယ်မောရင်း ဆက်လက်ပြောပြခဲ့ပါသေးတယ်။


Photo: Facebook

အသက်(၂၆) နှစ်အရွယ် အနုပညာရှင်မလေး စိုးပြည့်ဟာ အသက်(၁၈)နှစ်အရွယ်နဲ့ အကယ်ဒမီ ရရှိခဲ့သူဖြစ်ပါတယ်။ သူမဟာ အသက် ၁၃ နှစ်ကတည်းက အနုပညာအလုပ်တွေလုပ်ခဲ့သူပါ။ စိုးပြည့် အကယ်ဒမီရခဲ့တဲ့ ဇာတ်ကားက "မိုးညအိမ်မက်မြူ" ရုပ်ရှင်ဇာတ်ကား ဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ယောက်ပါ။ သီချင်းနဲ့ပတ်သက်ပြီး ချစ်သူရွေးမယ် တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီးတွေထွက်ရှိထားပါတယ်။


Photo: Soe Pyae Thazin

စိုးပြည့်သဇင်က အခုဆိုရင် ရန်ကုန်တက္ကသိုလ် မြန်မာစာ(အဝေးသင်) နောက်ဆုံးနှစ်စာမေးပွဲ ကိုအောင်မြင်ခဲ့ပြီးဖြစ်ပါတယ်။ ဒါကြောင့် အနုပညာအလုပ်တွေကို တစိုက်မတ်မတ် လုပ်နေသူပါ။ လက်ရှိမှာတော့ ‘’လူးလူးစိန်’’ရုပ်သံဇာတ်လမ်းတွဲလေးကို သရုပ်ဆောင် ကျော်ကျော်၊ သူရထူး တို့နဲ့ ရိုက်ကူးနေတာ တွေ့ရပါတယ်။



က္က