ချစ်သူလေးက မြင်းဖြူစီးချင်ပါတယ်တဲ့။
Sabal Thwin

နေဝင်းကတော့ မင်္ဂလာပွဲကို ဧပြီလအတွင်းမှာ ကျင်းပဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ မင်္ဂလာပွဲမှာတော့ ချစ်သူလေး အိမ့်ချစ်ချောက မြင်းဖြူကြီး စီးချင်တယ်လို့ တောင်းဆိုလိုက်ပါတယ်။

Photo: Yone Lay X Kiss

အဆိုတော်နေဝင်း(Snare) နဲ့ ချစ်သူလေး အိမ့်ချစ်ချောတို့ရဲ့ မင်္ဂလာပွဲကတော့ မကြာခင်ကျင်းပနိုင်ဖို့ ရည်ရွယ်ထားပြီလို့ သိရပါတယ်။ ဒီမင်္ဂလာပွဲအတွက်ကိုလည်း စိတ်ကူးထားတာ အရမ်းကြာနေပြီလို့ နေဝင်းက မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“မင်္ဂလာပွဲကတော့ သူလည်း မသိသေးဘူးဆိုတော့ ရှင်းရှင်းပြောရရင် ရက်လည်း မရွေးရသေးဘူး။ အခုမှ လက်ထပ်ခွင့်တောင်းခဲ့တာလေးကို ကြည်နူးပြီးတော့ ပျော်တုန်းရှိသေးတာ။ ရက်တော့ မသိသေးဘူး။ အကြမ်းဖျင်းတော့ ကျွန်တော်တို့မှာ အရင်ကတည်းက စိတ်ကူးရှိပြီးသားပါ။ သင်္ကြန်အပြီး ၄ လပိုင်းထဲမှာတော့ ဖြစ်ဖို့ များတယ်” လို့ သူကဆိုပါတယ်။

Photo: Htet Zaw Aung

နေဝင်း(Snare) ရဲ့ ချစ်သူလေး အိမ့်ချစ်ချောကလည်း သူမရဲ့ အိပ်မက်ထဲက မင်္ဂလာပွဲလေး ရှိတယ်လို့ ဆိုပါတယ်။ ဒါကတော့ မင်္ဂလာပွဲမှာ မြင်းဖြူကြီး စီးချင်တယ်လို့ နေဝင်းကို တောင်းဆိုလိုက်ပါတယ်။

“ ညီမကတော့ စိတ်ကူးထားတာ သိပ်မရှိပါဘူး။ ဒါပေမယ့် သူ့ကို ပြောထားတာ တစ်ခုပဲရှိတယ်။ မင်္ဂလာဆောင်ကျရင် မြင်းဖြူစီးချင်တယ်လို့ ပြောထားဖူးတယ်။ ကျန်တာကတော့ ဘယ်လို လုပ်ပေးမှ ဆိုတာမျိုးတွေ မရှိပါဘူး။ ငယ်ငယ်ကတည်းက ကြည့်ခဲ့ဖူးတဲ့ ကာတွန်းကားတွေထဲက မင်းသမီးလေးတွေလိုမျိုး ကြီးလာတဲ့အချိန်မှာလည်း မြင်းဖြူကြီးစီးပြီး ဂါဝန်လေးနဲ့ ထွက်ချင်တဲ့ စိတ်ပေါ့နော်” ဆိုပြီးတော့ ဇန်နဝါရီလ ၂ ရက်နေ့က မီဒီယာတွေနဲ့ တွေ့ဆုံပွဲမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။

Photo: Yone Lay X Kiss

နေဝင်းကတော့ ချစ်သူလေး အိမ့်ချစ်ချောကို ဒီဇင်ဘာလ ၃၁ ရက်နေ့ညက New Year ဖျော်ဖြေပွဲမှာ လက်ထပ်ခွင့်တောင်းခဲ့တာဖြစ်ပါတယ်။ ဒီလို လုပ်ဖို့အတွက်ကိုလည်း တစ်ယောက်တည်း စိတ်ကူးယဉ်ပြီး ပျော်နေတာလေးတွေရှိတယ်လို့ ဆိုပါတယ်။

“လက်ထပ်ခွင့်တောင်းဖို့ ကျွန်တော် စဉ်းစားထားတာတော့ ကြာပြီ။ လွန်ခဲ့တဲ့ နှစ်လ၊ သုံးလ လောက်ကတည်းက စီစဉ်တာပါ။ ဒီလိုနေ့ကို ရောက်ဖို့ ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း တွေးနေတာပေါ့။ အခါအခွင့်မသင့်သေးတာလည်း စောင့်နေရင်းပေါ့။ သူငယ်ချင်းတွေကိုတော့ သူမပါတဲ့ Show ပွဲကျမှ ပြောပြဖြစ်တာ။ အကုန်လုံးကလည်း ဝိုင်းပြီးတော့ ပို့ကြတယ်။ ကျန်တဲ့သူတွေ သူ့ကို ခေါ်ရင် ပေကပ်ကပ်လုပ်နေမှာဆိုတော့ စိုင်းကိုခေါ်ခိုင်းလိုက်တယ်။ စိုင်းဆိုရင် သူက နည်းနည်းကြောက်တယ်။ အဲဒီတော့ ပေကပ်ကပ်နဲ့ပါလာတာပေါ့” လို့ ဆိုပါတယ်။

Photo: Nay Win

နေဝင်းနဲ့ အိမ့်ချစ်ချောတို့ရဲ့ ချစ်သူသက်တမ်းကတော့ ဒီဇင်ဘာလ ၂၅ ရက်နေ့က ၁၀ နှစ်ပြည့်ပြီးပြီဖြစ်ပါတယ်။ နေဝင်းကိုတော့ Snare အဖွဲ့ဝင်တစ်ယောက်အဖြစ် Rap သီချင်းတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ စီးပွားရေးအနေနဲ့ O.M.G Fashion Brand တွေ ထုတ်လုပ်နေတာ ဖြစ်သလို၊ ချစ်သူကောင်မလေးကလည်း မိန်းကလေးအလှအပနဲ့ ပတ်သက်တဲ့ Fashion တွေ ထုတ်နေတယ်လို့ သိရပါတယ်။ ကိုယ်ပိုင်စီးပွားရေး ကိုယ် စီလည်း ဦးဆောင်နေရသလို အနုပညာအလုပ်တွေကိုလည်း ချစ်သူကောင်မလေးက ကူညီပေးတာကြောင့် ချစ်သူရ ကံကောင်းသူပါပဲ။




ဆက်စပ်အကြောင်းအရာများ


က္က