အရည်အချင်းအစစ်အမှန် နဲ့သာ ကြိုးစားသွားမယ်တဲ့။

ပိုးကြာဖြူခင်က သူမ ဝါသနာပါတဲ့ အနုပညာလမ်းကြောင်းအပေါ် ကိုယ်ပိုင်အရည်အချင်းနဲ့သာ လျှောက်လှမ်းသွားမယ်လို့ ဆိုပါတယ်။

Photo: Poe Kyar Phyu Khin

သူမဟာ အနုပညာနဲ့ပတ်သက်ပြီး အရည်အချင်း အစစ်အမှန်နဲ့သာ ကြိုးစားချင်တဲ့အကြောင်း ဆက်လက် ပြောပြလာပါတယ်။ ပရိသတ်အားပေးမှုက သူမအတွက် အရေးကြီးတယ်လို့လည်း မတ်လ ၁၈ ရက်နေ့က စိုင်းစိုင်းရဲ့ မွေးနေ့ဖျော်ဖြေပွဲအကြောင်း စာနယ်ဇင်းပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

‘’ပုံစံတစ်မျိုးနဲ့ဖောက်ထွက်တယ်ဆိုတာထက် ပုံစံဆိုတာ အရည်အချင်းတစ်ခု မဟုတ်ဘူးပေါ့နော်။ အဓိကက ကိုယ်က သရုပ်ဆောင်လုပ်တယ်၊ အဆိုတော် လုပ်တယ်ဆိုရင် ကိုယ့်ရဲ့ အရည်အချင်းအပေါ် မူတည်ပြီးတော့ ပရိသတ်အားပေးမှုက ဆုံးဖြတ်ချက်တစ်ခု ဖြစ်သွားမယ်လို့ ထင်ပါတယ်။ Trend တစ်ခုအနေနဲ့ ဆံပင်ပုံစံကြီးပြောင်းလိုက်မှ၊ ဂယက်တစ်ခုခုလုပ်လိုက်မှ ဖြစ်သွားတယ်ဆိုတာကတော့ အချိန်ကာလတစ်ခုအထိပဲခံမယ်။ ဒါကြီးတစ်ခုကို အတင်းကြီးပြောင်းလဲပြီးတော့မှ Attention ယူတာမျိုးတွေ သဘောမကျဘူး။ ကိုယ်ဖြစ်တည်နေတဲ့ ရပ်တည်မှုကိုပဲ ပရိသတ်က ချစ်တယ်ဆိုတာမျိုးကို လိုချင်တာပါ။’’ လို့ ဆိုပါတယ်။

Photo: Poe Kyar Phyu Khin

အဲဒီနောက် အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လာဖို့အတွက် ပိုးကြာဖြူခင်ရဲ့ ခံယူချက်ကိုလည်း အခုလို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ ပေါ်ပင်လုပ်တိုင်းလည်း အနုပညာရှင်တစ်ယောက် ဖြစ်မလာဘူးလို့ သူကဆိုပါတယ်။

‘’လူတွေကတော့ အမျိုးမျိုးပဲပေါ့နော်။ အဲဒီလို လူတွေကိုကျတော့ အနုပညာရှင်လို့ ခေါင်းစဉ်တပ်လို့မရဘူး။ အနုပညာလုပ်နေတာ မဟုတ်ပဲ တချို့ကျတော့ ပေါ်ပင်လုပ်တာမျိုးတွေရှိတယ်။ တစ်ယောက်တစ်မျိုးစီပေါ့။ ဒီနယ်ပယ်ထဲမှာ Sexy ဆိုရင် Sexy လိုင်းရှိမယ်၊ Cute ဆို Cute လိုင်းရှိမယ်။ အဲဒီလိုရှိနေတိုင်းလည်း သူတို့က အနုပညာရှင်အစစ် ဖြစ်ချင်မှလည်းဖြစ်မယ်။ ညီမတို့ကျတော့ ကိုယ်လုပ်စရာရှိတဲ့ အလုပ်ကိုလုပ်တယ်။ ကိုယ်ဖြစ်နေတဲ့အတိုင်းပဲ ကိုယ့်ဘာသာကိုယ် အေးအေးဆေးဆေးနေတဲ့အတွက် ဝါးလုံးအရှည်နဲ့ သိမ်းယမ်းတယ်ဆိုရင်လည်း မပါသွားနိုင်ဘူးလို့ထင်ပါတယ်’’ လို့ ဆက်လက် ပြောပြခဲ့ပါတယ်။

Photo: Poe Kyar Phyu Khin

ပိုးကြာဖြူခင် ပါဝင်သရုပ်ဆောင်ထားတဲ့ ‘’မိုးကောင်းကင်အိပ်မက်’’ ရုပ်သံဇာတ်လမ်းတွဲက Star Awards ဆုစာရင်းဝင် ဇာတ်ကားထဲမှာ တစ်ကားအပါအဝင် ဖြစ်ပါတယ်။ ဒီလို ဆုအတွက် စာရင်းဝင်ဇာတ်လမ်းတွဲ ဖြစ်လာဖို့ကိုလည်း စိတ်မကူးရဲခဲ့ဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။

‘’ဇာတ်လမ်းတွဲကိုကျတော့ အခု မြန်မာနိုင်ငံမှာပြနေတဲ့ ဇာတ်လမ်းတွဲတွေအကုန်ကို စိစစ်လိုက်တယ်။ Voting အဆင့်ဆင့်ထိုင်ပြီး ရွေးခဲ့ကြတာဆိုတော့ အရမ်းရင်ခုန်တယ်။ အဲဒီလို ဖြစ်စေချင်နေတာလည်း ကြာပြီ။ ဘယ်တော့ဖြစ်မှာလဲ ဆိုတာကိုတော့ စိတ်တောင် မကူးဖူးဘူးပေါ့နော်။ Star Award ကနေပြီးတော့ ဇာတ်လမ်းတွဲအတွက်ကိုပါ ပေးမယ်ဆိုတော့ ညီမ အရမ်းပျော်ခဲ့ရပါတယ်’’ လို့ ဆိုပါတယ်။

Photo: Poe Kyar Phyu Khin

ပိုးကြာဖြူခင်ကိုတော့ ဝက္င်္ကပါစံအိမ် ၊ မမသိမ့်နဲ့ အမွေဆိုင်အိမ်၊ ဥယျာဉ်မှူး ဖြစ်ဖူးချင်သည် စတဲ့ ရုပ်သံဇာတ်လမ်းတွဲတွေနဲ့ ပရိသတ် စတင်သိရှိခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် မိုးကောင်ကင်အိမ်မက် ရုပ်သံဇာတ်လမ်းတွဲကနေ ပရိသတ်အားပေးမှု ပိုမိုရရှိခဲ့ပါပြီ။ သူ့ရဲ့ အနုပညာလှုပ်ရှားမှုအနေနဲ့ ကြော်ငြာရိုက်ကူးရေးတွေအပြင် ဇာတ်လမ်းတွဲတွေလည်း ရိုက်ကူးနေရတယ်လို့ ဆိုပါတယ်။



က္က