ဖေ့စ်ဘွတ်အကောင့် အခိုးခံထားရတယ်လို့ဆိုပါတယ်။
Sabal Thwin

ဦးအောင်ခိုင်ကတော့ သူ့ရဲ့ဖေ့စ်ဘွတ်အကောင့်ကို ခိုးယူပြီးခံထားရတဲ့ အပေါ် စိတ်မကောင်းဖြစ်ရသလို သိက္ခာလည်း ကျပါတယ်လို့ ဆိုပါတယ်။ 

Photo: Aung Khaing

ကိုလူချောအဖွဲ့ ဥက္ကဌလည်းဖြစ်၊ လူကြမ်းသရုပ်ဆောင်လည်းဖြစ်တဲ့ ဦးအောင်ခိုင်ကတော့ သူကိုယ်တိုင် သုံးတဲ့ Facebook Account ခိုးယူခံထားရတယ်လို့ဆိုပါတယ်။ အကောင့်အခိုးခံရတာထက် အိမ်ထောင်ရေးကို ထိခိုက်စေနိုင်တဲ့ အရေးအသားတွေကြောင့် စိတ်မကောင်းဖြစ်တယ်လို့ Duwun Media ကနေ ပြောပြလာပါတယ်။ 

“ ဦးအောင်ခိုင် အကောင့် ဟက်ခံထားရတဲ့ အချိန်မှာ စိတ်မကောင်း ဖြစ်ရတာက ပိုက်ဆံ (၅) သောင်းလွှဲပေးဖို့ ပြောတာတွေရှိတယ်လို့ ပြန်သိရတော့ တကယ် စိတ်မကောင်းဘူး။ တကယ် ခံစားရပါတယ်။ Hack တဲ့ သူတွေကိုလည်း ဦးအောင်ခိုင် အပြစ်မပြောချင်ပါဘူး သူတို့လည်း သူတို့ အကြောင်း တရားနဲ့ သူတို့ ပေါ့နော်။ ဒါပေမယ့် ကိုယ့်အသိမိတ်ဆွေတွေ၊ အပေါင်းအသင်းတွေ ကြားမှာတော့ သိက္ခာတော့ ကျသွားတာပေါ့။ ပြီးတော့ ဦးအောင်ခိုင် တစ်ခါမှ မမြင်ဖူးတဲ့ မိန်းကလေးပုံတင်ပြီးတော့ “အရမ်းချစ်တယ် ခွဲမသွားပါနဲ့နော်" တွေရေးထားတော့ အိမ်ထောင်ရေးမှာလည်း ထိခိုက်နိုင်တယ်။ အန်တီ ဝါလည်း ဘယ်စိတ်ကောင်းမလဲ”ဆိုပြီးတော့ မေလ (၁၁) ရက်နေ့က လူကြမ်းသရုပ်ဆောင် ရန်လေးရဲ့ ရက်လည်မှာ ဖြေဆိုခဲ့တာပါ။ 

ဦးအောင်ခိုင်ဟာ သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်ကို ပြန်မယူတော့သလို နောက်ထပ် အသုံးပြုတော့မှာ မဟုတ်ဘူးလို့လည်း ပြောပြခဲ့ပါသေးတယ်။ 

“ ဖေ့စ်ဘွတ်အကောင့်ကို ပြန်လည်း မယူတော့ပါဘူး။ သုံးလည်း သုံးချင်စိတ်မရှိတော့ဘူး။ နည်းပညာတွေ တိုးတက်နေတဲ့ အချိန်မှာ ဒါတွေကို ဦးအောင်ခိုင်က နားမလည်ဘူး။ သုံးတာတောင်မှ သတင်းလေးတွေ ဖတ်တယ်၊ ကိုယ်လုပ်တဲ့ အလုပ်လေးတွေအကြောင်းကို ဖေ့စ်ဘွတ်မှာ တင်ပေးတယ်။ တစ်ခုတောင်းဆိုချင်တာ အကောင့်ကိုလည်း ပြန်မပေးပါနဲ့တော့ ဦးအောင်ခိုင်လည်း မသုံးတော့ပါဘူး။ ဒါပေမယ့် ဦးအောင်ခိုင်တို့ရဲ့ အိမ်ထောင်ရေး ကြန့်ကြာစေဖို့အတွက် လိုင်းပေါ်မှာ မတင်ပါနဲ့တော့လို့ တောင်းဆိုချင်ပါတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Aung Khaing

ဦးအောင်ခိုင်ရဲ့ ဖေ့စ်ဘွတ်အကောင့်ကတော့ မေလ ၁၀ ရက်နေ့က စပြီး ခိုးယူခံလိုက်ရတယ်လို့ သိရပါတယ်။ သူဟာ လက်ရှိမှာလည်း ကိုလူချောအဖွဲ့ရဲ့ ဥက္ကဌအဖြစ် ဆောင်ရွက်နေသူဖြစ်ပါတယ်။ အဲဒီနောက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာလည်း အမှုဆောင် တစ်ယောက်အဖြစ် ပါဝင်ဆောင်ရွက်နေတာဖြစ်ပါတယ်။ သူဟာ ''ငရဲသား'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကို ရရှိခဲ့ပါတယ်။ အခုချိန်ထိလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရသူ ဖြစ်ပါတယ်။ အနုပညာသက်တမ်းတွေကလည်း နှစ်ပေါင်း ၂၀ ကျော် ၃၀ နီးပါးလောက်ရှိပါပြီ။




ဆက်စပ်အကြောင်းအရာများ


က္က