သူမရဲ့ အတွေ့အကြုံတွေကို ရင်ဖွင့်ပြောပြလာပါတယ်။
Sabal Thwin

ရွှေပိုးအိမ်က သူမရဲ့ ခန္ဓာကိုယ်အပေါ် ဝေဖန်ပြောဆိုကြတဲ့ ပရိသတ်တွေ အများကြီးရှိခဲ့တယ်လို့ဆိုပါတယ်။ ဒါပေမယ့် ဒီလိုဝေဖန်မှုတွေကြားက အကောင်းဆုံး ကြိုးစားဖြတ်သန်းခဲ့တယ်လို့လည်း သူကပြောပါတယ်။

Photo: Shwe Poe Eain

ရွှေပိုးအိမ်က သူမရဲ့ ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး ပရိသတ်တချို့ရဲ့ Body Shaming လုပ်ခံခဲ့ရတဲ့အကြောင်း ပြောပြလာပါတယ်။ ဒီလို ဝေဖန်မှုတွေက သူမအတွက် အများကြီး အကျိုးသက်ရောက်မှုရှိတယ်လို့လည်း Duwun Media ကနေ ရင်ဖွင့်ပြောပြလာပါတယ်။

‘’ဝတုတ်မတို့၊ ဝက်မကြီးတို့ဆိုပြီးတော့ စတဲ့သူတွေရှိတာပေါ့နော်။ ရွှေပိုးဘဝမှာ အဲဒီလို အနှိမ်ခံရတဲ့အတွက် အပြောအဆိုခံရတဲ့အတွက် အရမ်းကို ဝမ်းသာတယ်။ သူတို့ကြောင့် ကိုယ်ပြောင်းလဲချင်စိတ်ဖြစ်လာတယ်။ ပိုလှချင်လာတယ်၊ ပိန်ချင်လာတယ်။ အခုဆိုရင် ရွှေပိုးကို Facebook မှာ ကဲ့ရဲ့တဲ့သူတွေ၊ ဝေဖန်တဲ့သူတွေကိုရော ကျေးဇူးအရမ်းတင်တယ်’’ ဆိုပြီးတော့ ဇွန်လ ၂၈ ရက်နေ့က ငါတို့သည် ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Shwe Poe Eain

စိတ်ညစ်လည်းစား၊ ပျော်နေလည်း စားတတ်တဲ့သူ ဖြစ်တာကြောင့် ဒီလို ဝေဖန်မှုတွေ ရှိခဲ့တာပါလို့ ရွှေပိုးအိမ်က ပြောပါတယ်။ အခုချိန်မှာတော့ သူမရဲ့ ကျန်းမာရေးနဲ့ ခန္ဓာကိုယ်အတွက် သေချာ ဂရုစိုက်နေတယ်လို့ ဆိုပါတယ်။

 ‘’ ရွှေပိုးက စိတ်ညစ်လည်း အစားစားတယ်၊ စိတ်ချမ်းသာလည်း အစားစားတယ် အဲဒီအခါကျတော့ အရမ်းဝလာတယ်။ အဲဒီမှာ သူတို့ကပြောတယ်၊ ဝလာလိုက်တာ၊ ရုပ်ကြီးက ဘာမှန်းလဲမသိဘူး၊ ဝက်မကြီးလို့ပြောကြတဲ့အခါမှာ ကိုယ်က အဲဒီ Comment တွေဖတ်ပြီးတော့ ငါ့ကို ဝိတ်ချဖို့အတွက် အသိပေးနေတာပါလား၊ သူတို့ပေးတဲ့ Alarm လေးတွေပဲ ဆိုပြီးတော့ အခုနောက်ပိုင်း အစားအသောက်ထိန်းတယ်၊ Gym ဆော့တယ်၊ အဓိက ကတော့ ရွှေပိုးကို ဝေဖန်တဲ့သူတွေ၊ ကဲ့ရဲ့တဲ့သူတွေကိုပဲ ကျေးဇူးတင်ရမှာ’’ လို့ ပြောပါတယ်။

Photo: Shwe Poe Eain

ရွှေပိုးအိမ်ဟာ ပရိသတ်တွေရဲ့ ဝေဖန်မှုက သူမကို စိတ်ဓာတ်ကျစေခဲ့တာမဟုတ်ဘူးလို့ ဆိုပါတယ်။ ဒီလို အကြောင်းတရားတွေကြောင့်လည်း ကိုယ့်ကိုယ်ကိုယ် ကောင်းအောင် ကြိုးစားနေထိုင်တယ်လို့ ပြောပါတယ်။

‘’ လူတိုင်းမှာတော့ စိတ်ဓာတ်ကျစရာတွေရှိတယ်။ အားနည်းချက်ကို ပြောတဲ့အခါကျရင် စိတ်ဆင်းရဲပြီးတော့ လုပ်မိလုပ်ရာ လုပ်သွားတဲ့သူတွေလည်း ရှိကြမှာပေါ့နော်။ ဖေ့စ်ဘွတ်ပေါ်မှာသာ မြင်တဲ့သူတချို့ပဲရှိမှာ အပြင်မှာကိုယ်တွေ မသိသေးတဲ့သူတွေ အများကြီးရှိမှာ။ ရွှေပိုးကတော့ အဲဒီလို လူမျိုးထဲမှာ မပါဘူးပေါ့နော်။ ခေါင်းနည်းနည်းမာတယ်။ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်တယ်။ သူတို့ဝေဖန်တဲ့အကြောင်းအရာတွေကိုလည်း ဂရုစိုက်တယ်။ အဲဒါတွေကို ကောင်းအောင်ပြင်တယ်’’ လို့ သူကဆိုပါတယ်။

Photo: Shwe Poe Eain

ရွှေပိုးအိမ်(Shwe Poe Eain)ကို ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိခဲ့ကြတာ ဖြစ်ပါတယ်။ သူ့အနေနဲ့ ဇာတ်ကားတော်တော်များများမှာ ဒုတိယမင်းသမီးနေရာကနေ အမြဲပါဝင်ခဲ့ရသူတစ်ဦးပါ။ အခုချိန်မှာတော့ ခေါင်းဆောင်မင်းသမီးတစ်ယောက်အဖြစ် ဇာတ်ကားတွေ ရိုက်ကူးနေရပြီလို့ သိရပါတယ်။ မီဒီယာကဏ္ဍတစ်ခုရဲ့ Sexy ပုံတွေကြောင့် ဝေဖန်မှုတွေအများကြီး ကြုံခဲ့ရတဲ့သူ့ကို ပရိသတ်တွေက ပိုသတိထားမိလာခဲ့တာဖြစ်ပါတယ်။ လတ်တလောမှာ တီဗီကြော်ငြာတွေလည်း ရိုက်ကူးနေရပါတယ်။


က္က