မောင်လေးရှိလို့ ညီမလေး လိုချင်ပါသေးတယ်တဲ့။

မေမြင့်မိုရ်က မောင်လေးချောချောလေးကြောင့် ယောက်မ အခေါ်ခံနေရပါပြီတဲ့။ သူ့ရဲ့ မောင်လေး သျှင်းမြတ်ကတော့ ယောက်ဖအခေါ်ခံရရင် သဝန်တိုတယ်လို့ ဆိုပါတယ်။

Photo:Shinn Myat

မေမြင့်မိုရ်ကတော့ သျှင်းမြတ်ဆိုတဲ့မောင်လေးချောချောလေးကို ပိုင်ဆိုင်ထားတာကြောင့် မိန်းကလေး ပရိသတ်တွေက ယောက်မလို့ ခေါ်ကြတာတွေရှိတယ်လို့ ဆိုပါတယ်။ ယောက်မတော်ရမယ့် မိန်းကလေးအပေါ် မေမြင့်မိုရ်ရဲ့ သဘောထားကိုလည်း Duwun Media ကနေပြောပြလာပါတယ်။

‘’ညီမကို ယောက်မလို့ခေါ်ကြတယ်။ ဒါပေမယ့် ဘာမှမဖြစ်ပါဘူး။ အဓိက ကတော့ ယောက်မ ဆိုရင်လည်း ညီမမှာ မောင်လေးပဲရှိတာဆိုတော့ ညီမလေးလိုချင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ညီမလေးလည်း ချစ်မှာပဲ ကိုယ့်ညီမလေးလိုပေါ့နော်။ မောင်လေးရွေးချယ်တဲ့သူက သူလည်းတကယ်ချစ်တယ်၊ သူ့ကိုလည်းတကယ်ချစ်တယ်ဆိုရင်တော့ ညီမလည်း ညီမလေးတစ်ယောက်လို ချစ်မှာပါ’’ လို့ ဖြေဆိုခဲ့ပါသေးတယ်။

Photo:Shinn Myat

မေမြင့်မိုရ်ဟာ အစ်မကြီးတစ်ယောက်ဖြစ်ပေမယ့် မောင်လေးရဲ့ နှလုံးသားရေးရာအပေါ်မှာတော့ သတ်မှတ်ချက်ထားတာမျိုးတွေမရှိပါဘူးတဲ့။ 

‘’ မောင်လေးရဲ့ အချစ်ရေးနဲ့ပတ်သက်ပြီး ဝင်စွက်ဖက်တာမျိုးတော့ မရှိပါဘူး။ မောင်လေး ဘယ်သူ့ကိုမဆို ချစ်လို့ရှိရင် ညီမက လိုက်ချစ်ရုံပါပဲ။ အချစ်ရေးနဲ့ ပတ်သက်ပြီး တစ်ယောက်နဲ့ တစ်ယောက် စွက်ဖက်တာမျိုးမရှိပဲ နားလည်မှုတွေရှိကြပါတယ်’’ လို့ သူကဆိုပါတယ်။

Photo:Shinn Myat

အဲဒီနောက် မေမြင့်မိုရ်ရဲ့ မောင်လေး သျှင်းမြတ်ကလည်း သူ့ကို ယောက်ဖလို့ခေါ်ရင်တော့ သဝန်တိုတတ်တဲ့အကြောင်းပြောလာပါတယ်။ သူငယ်ချင်းတွေကြားမှာ၊ ပရိသတ်တွေကြားမှာလည်း အခေါ်ခံရတဲ့ အမှတ်တရတွေ ပြောလာပါတယ်။

‘’ အဲဒါကတော့ ဘယ်နေရာသွားသွားပေါ့နော်။ ကျွန်တော်တို့ သူငယ်ချင်းတွေကြားထဲမှာပဲဖြစ်ဖြစ်၊ နယ်မှာ ပွဲတွေသွားတာပဲဖြစ်ဖြစ် အမြဲအခေါ်ခံနေရတာပါ။ ယောက်ဖလို့ အခေါ်ခံရတာမျိုးတွေလည်းရှိပါတယ်။ ကိုယ့်အစ်မကို အဲဒီလိုပြောတော့ တစ်ခါတလေမှာ သဝန်တိုတာတော့ ဖြစ်တာပေါ့။ အစ်မကိုတော့ ဘာမှ ထွေထွေထူးထူးပြောတာမျိုးမရှိဘူး။ သူချစ်တဲ့သူ၊ သူ့အပေါ်ကောင်းမယ့်လူ၊ သူ့ကို နားလည်ပေးနိုင်မယ့် လူဆိုရင်တော့ ကျွန်တော်က ဘာမှ ပြောစရာအကြောင်းတော့ မရှိပါဘူး’’ လို့ Star Award ဆုပေးပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo:Shinn Myat

မေမြင့်မိုရ်(May Myint Mo) ကိုတော့ ပရိသတ်တွေက ပန်းနုသွေး ရုပ်သံဇာတ်လမ်းတွဲကနေ ပိုပြီးအားပေးလာခဲ့ကြတာဖြစ်ပါတယ်။ သူမကိုတော့ ဇာတ်လမ်းတွဲ မင်းသမီးချောလေးအဖြစ် ပရိသတ်တွေ သိရှိလာတာပါ။ အခုဆိုရင်တော့ ပရိသတ်အခိုင်အမာ ရရှိထားတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်လို့နေပါပြီ။

သျှင်းမြတ်(Shin Myat)ကိုတော့ သရုပ်ဆောင် မေမြင့်မိုရ်ရဲ့ မောင်လေးအရင်းတစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ ရုပ်ချင်းအရမ်းဆင်တာကြောင့်လည်း ပိုပြီးတော့ သတိထားမိခဲ့ကြတာဖြစ်ပါတယ်။ သျှင်းမြတ်ဟာ ၂၀၁၄ ခုနှစ်တုန်းက ကျင်းပခဲ့တဲ့ အကယ်ဒမီပေးပွဲမှာလည်း ရွှေကြိုဗန်းကိုင်တစ်ဦးအဖြစ် ပါဝင်ခဲ့သူပါ။



က္က