Sabal Thwin

ဟေဇယ်ကတော့ Winner ဆုမရပေမယ့်လည်း သူမရဲ့ မိဘနှစ်ပါးကို ဂီတအလုပ်တွေလုပ်ရင်း ထောက်ပံ့ပေးသွားမယ်လို့ ဆိုပါတယ်။ သူမရဲ့ ကြိုးစားမှုတွေကို အရာထင်အောင် သင်ပြပေးခဲ့တဲ့ နီနီခင်ဇော်ကိုလည်း အရမ်းလေးစားတဲ့အကြောင်းတွေ ပြောပြလာပါတယ်။

Photo: Hazel

The Voice Myanmar (Season 2) မှာ ပရိသတ်အချစ်တွေကို အများကြီးရရှိသွားတဲ့ Hazel ကတော့ ဂီတလမ်းကြောင်းပေါ်မှာ ဆက်ရှိနေဦးမှာပါတဲ့။ ဒီအလုပ်နဲ့ပဲ သူမရဲ့ မိဘနှစ်ပါးကို လုပ်ကျွေးမယ်လို့လည်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ အဖေနဲ့ အမေကတော့ စိတ်မကောင်းကြဘူးပေါ့နော်။ ဒါပေမယ့် ဟေဇယ်လည်း စိတ်မကောင်းဘူးပေါ့။ ဒါပေမယ့်လည်း နားလည်ပါတယ်။ သူတို့လည်း တွေးထားမှာပဲလေ Winner ဆိုတာ တစ်ယောက်တည်းပဲ။ အကုန်လုံးက ဖြစ်နိုင်တယ်လေ အဲဒါကြောင့် အဖေနဲ့ အမေနဲ့ အတွက်ကို စိတ်မကောင်းဘူး။ ဒါပေမယ့် ဟေဇယ်က ဒီလမ်းကို ဆက်လျှောက်မှာ ဒီအလုပ်ကရတဲ့ အနုပညာကြေးလေးနဲ့ မိဘတွေကို ထောက်ပံ့လို့ရသေးတာပဲ။ ဟေဇယ်က အကောင်းကြီးရှိသေးတယ်လေ။ ဒါကြောင့် ဒါက ဘဝမဟုတ်ဘူး’’ လို့ ဆိုပါတယ်။

Photo: Hazel ( ဟေဇယ်ရဲ့ မိဘနှစ်ပါး)

ဟေဇယ်ဟာ ပရိသတ်တွေထင်ကြေးပေးထားတဲ့ Winner ဆုကိုတော့ ရရှိပိုင်ဆိုင်ခဲ့ခြင်းမရှိပါဘူး။ ဒါပေမယ့် သူမကိုတော့ ဒုတိယ နီနီခင်ဇော်ဖြစ်လာနိုင်တယ်လို့ ပရိသတ်တွေက မှတ်ချက်ပေးလာတဲ့အပေါ် သူ့ရဲ့ ခံစားချက်ကို ပြောပြလာပါတယ်။

‘’ မမကို မီဖို့ဆိုတာ ဟေဇယ် တော်တော်ကြီးကို ကြိုးစားရမှာ။ အရမ်းလည်း လေးစားတယ်။ ထဲထဲဝင်ဝင်ပိုသိရတဲ့အချိန်မှာ လေးစားမှုက အတိုင်းထက်အလွန်ကို ပိုသွားတယ်။ မမကပြောတယ်။ ညီမလေးကို သူ့နောက် လိုက်စေချင်တယ်ပေါ့။ ဒါပေမယ့် ဟေဇယ်က အများကြီးလေ့လာရမယ်။ အများကြီး သင်ယူရမယ်’’ လို့ ဆိုပါတယ်။


Photo: Hazel

ကိုယ်ပိုင်သံစဉ်လေးတွေနဲ့ ပရိသတ်အရှေ့ကို ရောက်ရှိလာဦးမယ်လို့လည်း ဟေဇယ်က ပြောပါတယ်။ ဒါပေမယ့် ဘယ်လို ထူးခြားမှုတွေပါလာမလဲ ဆိုတာကိုတော့ သူမက မပြောပြခဲ့ပါဘူး။

‘’ ဟေဇယ့်မှာ သီချင်းလေးတွေရှိတယ်။ အခုစဉ်းစားနေတာ Single Song လေးတွေကို ဘယ်လို ပုံစံနဲ့ သွားရင်ကောင်းမလဲ အခုမှ Plan ချနေတုန်း။ တိတိကျကျ မသေချာသေးတဲ့ အတွက်ကြောင့်မို့လို့ ဘာမှ သေသေချာချာ မပြောချင်သေးဘူးပေါ့နော်။ တိတိကျကျသိရရင်တော့ ပရိသတ်တွေကို ပြောပြမယ်’’ လို့ ဇွန်လ ၁၆ ရက်နေ့ညက The Voice Myanmar (Season2) သီချင်းဆိုပြိုင်ပွဲ Final ညမှာ ဖြေဆိုခဲ့တာပါ။

သူမရဲ့ အသက်ကတော့ ၂၅ နှစ်ရှိပါပြီ။ မန္တလေးကနေ လာရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြိုင်ပွဲဝင်တစ်ဦးပါ။ သူမဟာ ဒီပြိုင်ပွဲကို မပြိုင်ခင်ကတည်းက ဝါသနာရှင်တစ်ယောက်အနေနဲ့ သီချင်းတွေ သီဆိုဖြစ်နေတယ်လို့ သိရပါတယ်။


Duwun ဒီဂျစ်တယ် နေ့စဉ်သတင်းစာ

သင့် အီးလ်မေး ကနေ နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။


Copyright © 2019 Duwun.

Privacy Policy | About Us | Jobs

က္က