မကြာခင်မှာလည်း သီချင်းအသစ်လေး ထွက်တော့မယ်လို့ပြောပါတယ်။

အဆိုတော် ယုဇနကတော့ သူငယ်ချင်းဖြစ်သူ ခင်ဘုဏ်း၊ ရှင်ဘုဏ်းတို့နဲ့ အတူ ဂီတအလုပ်တွေနဲ့ အဆက်မပြတ်သွားအောင် ကြိုးစားလုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ လက်ရှိ ဂီတရေစီးကြောင်းအပေါ် သူမရဲ့ အမြင်ကိုလည်း အခုလို ပြောပြခဲ့ပါသေးတယ်။ 

Photo: Yuzana Mn



အဆိုတော် ယုဇနကတော့ ဂီတအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေတုန်းပါပဲ။ သူမဟာ သူငယ်ချင်းဖြစ်သူ ခင်ဘုဏ်း၊ ရှင်ဘုဏ်း တို့နဲ့ အတူတွဲပြီး သီချင်းလေးတွေလုပ်ဖြစ်နေတယ်လို့ သိရပါတယ်။ ဂီတနဲ့ပတ်သက်ပြီး တစ်ယောက်နဲ့ တစ်ယောက် အားပေးတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုပေးခဲ့ပါတယ်။ 

“အစ်မတို့က တစ်ယောက်နဲ့ တစ်ယောက် သီချင်းလေးတွေ လုပ်ရင် ပိုတိုင်ပင်ဖြစ်တယ်။ မလုပ်ကြတာ လည်းကြာပြီဆိုတော့ တစ်ယောက်နဲ့တစ်ယောက် Single Song အသစ်လေးတွေ ထွက်ရင် ပိုအားပေးကြတယ်။ ဂီတနဲ့ပတ်သက်ပြီး အဆက်ပြတ်မသွားအောင် အမြဲတမ်း တိုက်တိုက်တွန်း တွန်းနဲ့ အားပေးဖြစ်တာလည်း များတယ်" လို့ သူကဆိုပါတယ်။ 

Photo: Yuzana Mn

ဂီတရေစီးကြောင်းကလည်း အရင်ခေတ်တုန်းကနဲ့မတူအောင် အများကြီး ကွာခြားသွားပြီလို့ ယုဇနက ပြောပါတယ်။ ခေတ်ရေစီးကြောင်းအရ ဂီတနဲ့ပတ်သက်ပြီး ပြောင်းလဲလာတဲ့အရာတွေကိုလည်း သူမက ပြောပြခဲ့ပြန်ပါသေးတယ်။ 

“အရင်တုန်းကဆို အဆိုတော်တွေ အများကြီးနဲ့ Stage Show တွေ လုပ်ကြတာများတယ်။ အခုနောက်ပိုင်းကျတော့ ခေတ်ရေစီးကြောင်းအရလားမသိဘူး ရှိုးပွဲတွေ နည်းသွားတဲ့အခါ ကျတော့ ဒါကပြောင်းလဲသွားတဲ့ အရာတစ်ခုလို့တော့ မြင်မိတယ်” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က TUNE Bar ဆိုင်သစ်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Yuzana Mn

ယုဇနဟာ မကြာခင်မှာ ခင်ဘုဏ်း၊ ရှင်ဘုဏ်းတို့နဲ့ အတူတွဲဆိုထားတဲ့ သီချင်းအသစ်လေး ထွက်လာတော့မယ်လို့ သိရပါတယ်။ ဒီသီချင်းလေးကို ခင်ဘုဏ်းကိုယ်တိုင်ရေးထားတာလို့လည်း သူက ပြောပါတယ်။ 

“ အခုလောလောဆယ်တော့ ခင်ဘုဏ်းရေးထားတဲ့ ‘SKY’ ဆိုတဲ့ သီချင်းလေးကို ခင်ဘုဏ်းရယ်၊ ရှင်ဘုဏ်းရယ်၊ ယုရယ် ၃ယောက်ဆိုထားတယ်။ အဲဒါလေးကိုလည်း MTV ရိုက်ဖို့ စီစဉ်နေတယ်။ အချစ်သီချင်းလေးတော့ မဟုတ်ဘူး သီချင်းပုံစံလေးက နည်းနည်း ထူးခြားတော့ ထွက်လာတော့မှပဲ ပရိသတ်တွေကို နားဆင်စေချင်တယ်” လို့ ဆက်လက် ဖြေဆိုခဲ့ပါတယ်။ 

Photo: Thein Htike Aung

အဆိုတော် ယုဇန ရဲ့ ဂီတသက်တမ်းကတော့ နှစ်ပေါင်းတော်တော် ကြာနေပါပြီ။ သူမကိုပရိသတ် သတိထားမိစေခဲ့တဲ့ အရာတွေကတော့ အသံစူးစူး၊ အရပ်မြင့်မြင့် အချစ်သီချင်းချိုချိုလေးတွေ ဆိုတတ်တဲ့ အဆိုတော်မလေး တစ်ယောက်အဖြစ် သိခဲ့ကြတာပါ။ လက်ရှိမှာတော့ ခင်ပွန်းဖြစ်သူ ကိုသိန်းထိုက်အောင်နဲ့ လက်ထပ်ထားတာဖြစ်ပါတယ်။ ပျော်စရာကောင်းတဲ့ အိမ်ထောင်ရေးလေးဖြစ်တာကြောင့်လည်း သူမကို ချစ်တဲ့ ပရိသတ်တွေကတော့ အားကျနေတာကို တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ



က္က