ဝမ်းသာပီတိဖြစ်နေတယ်လို့ ဆိုပါတယ်။

ဝိုင်းချစ်ကတော့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဂုဏ်ထူး(၁) ဘာသာနဲ့ ထူးထူးချွန်ချွန်အောင်မြင်ခဲ့တဲ့ သားလေးအတွက် ဝမ်းသာပီတိဖြစ်နေတယ်လို့ဆိုပါတယ်။ 

လူရွှင်တော် ဝိုင်းချစ်ရဲ့သား မောင်လင်းပြည့်ဖြိုးကတော့ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဂုဏ်ထူး (၁)ဘာသာအဖြစ် ဇီဝဗေဒဘာသာရပ် နဲ့ ထူးထူးချွန်ချွန် အောင်မြင်ခဲ့ပါတယ်။ ပညာရေးမှာ ထူးချွန်တဲ့ သားလေးအတွက် ဝိုင်းချစ် ရင်ထဲက ပီတိစကားတွေကို Duwun ကနေ ပြောပြလာပါတယ်။ 



“ သားလေးက (၁၀) တန်းကို ဂုဏ်ထူးနဲ့အောင်တာ ဆိုတော့ ဝမ်းသာတာပေါ့ဗျာ။ ကျွန်တော့် တုန်းကဆိုရင် (၈) တန်းလောက်အထိပဲ ကျောင်းတက်ခဲ့တာ။ မိဘတွေကတော့ ကျောင်းဆက်ထားပါတယ်။ ကိုယ်က အနုပညာအလုပ်ကို ဝါသနာအရမ်းပါတယ်။ ဇာတ်ထဲလည်း လိုက်ချင်လွန်းတော့ (၈) တန်းကလည်း (၃) ခါကျတယ်ဆိုတော့ ဇာတ်ထဲပဲ လိုက်သွားတာ ။ ကိုယ့်တုန်းက ပညာရေးကို ဆုံးခန်းမတိုင်ခဲ့ပေမယ့် ကိုယ့်သား အလှည့်ကျမှ ပညာရေးကို ထူးထူးချွန်ချွန် နဲ့ အောင်တာ ဆိုတော့ ဝမ်းသာတာပေါ့ဗျာ” လို့ သြဂုတ်လ (၉) ရက်နေ့က ဖြေဆိုခဲ့တာပါ။ 

Photo: Wine Chit

ဝိုင်းချစ်ကတော့ ပညာရေးမှာ ထူးချွန်တဲ့ သားလေးအတွက် ဖခင်တစ်ယောက်ရင်ထဲက ဖြစ်စေချင်တဲ့ ဆန္ဒတွေကို ပြောပြလာပါတယ်။ အစစအရာရာ လိုလေသေးမရှိအောင် ပံ့ပိုးပေးသွားမယ်လို့လည်း သူက ဆိုပါတယ်။ 

“ သူ့ကို ဖြစ်စေချင်တာတော့ ပညာတတ်ကြီးပဲ ဖြစ်စေချင်တယ်။ သူ့ အမှတ်ကို ကြည့်ပြီးတော့ တက်ရမယ့် ဘာသာရပ်၊ သင်ရမယ့် ပညာတွေကို ကြည့်ပြီးတော့ ဘာမှလိုလေသေးမရှိအောင် အနောက်ကနေပြီးတော့ ပံ့ပိုး ဖြည့်ဆည်းပေးသွားမှာပါ။ ပညာတတ်မှ သက်သက်သာသာနေထိုင်ရမှာလေ။ အဲဒီအတွက် ဖြည့်ဆည်းပေးသွားချင်တယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ 

ဝိုင်းချစ်ဟာ ရွှေညီအစ်ကို အဖွဲ့ဆိုတဲ့ အငြိမ့်အဖွဲ့ကနေ အနုပညာလောကထဲကို ရောက်ရှိလာသူပါ။ အဲဒီနောက် အဖွဲ့နဲ့ဖြစ်စေ၊ တစ်ဦးတစ်ယောက်တည်းဖြစ်စေ ဗီဒီယို ဇာတ်ကားတွေရိုက်ကူးခဲ့တာကို တွေ့ရပါတယ်။ အခုလက်ရှိမှာလည်း ကိုယ်ပိုင်စီးပွားရေးနဲ့ ကိုယ်ပိုင် မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ရွှေညီအစ်ကို အဖွဲ့ကတော့ ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ အောင်မြင်မှုတွေရရှိပိုင်ဆိုင်လာတဲ့ လူရွှင်တော် အဖွဲ့တစ်ဖွဲ့ပါ။ ဒီအဖွဲ့မှာတော့ ငြိမ်းချမ်း၊ကောင်းကျော်၊ ဝိုင်းချစ်၊ ရှဲဒိုးနဲ့ ထက်ထက် ဆိုတဲ့ လူရွှင်တော်တွေ ပါဝင်ခဲ့ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က