ဇနီးချောလေးရဲ့ ဟင်းချက်လက်ရာတွေကို ကြွေခဲ့ပါတယ်တဲ့။

ရွှေထူးက နောက်ထပ်ရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားအတွက် Gym ကိုမနားတမ်းဆော့နေရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဇနီးချောလေးရဲ့ ဟင်းချက်လက်ရာတွေကြောင့် အစားတော့ မလျှော့နိုင်ဘူးလို့ပြောပါတယ်။

Photo: Htoo Khant



ရွှေထူးက မကြာခင်ရိုက်ကူးတော့မယ့် ‘’စစ်ကား’’ ရုပ်ရှင်ဇာတ်ကားကြီးအတွက် ခန္ဓာကိုယ်အပိုင်းအတွက် Gym ဆော့နေတယ်လို့ပြောပါတယ်။ ဇာတ်ကားနဲ့ ကိုက်ညီတဲ့ ခန္ဓာကိုယ်ရဖို့ ကြိုးစားနေတယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’သူငယ်ချင်းတွေနဲ့ ဆော့ပေမယ့်လည်း Gym က အစားလည်း ဆင်ခြင်ရသေးတယ် လေ။ အအိပ်ကလည်း မှန်ရသေးတယ်။ သူငယ်ချင်းတွေနဲ့ နေတုန်းက ညဘက် ဂိမ်းဆော့နဲ့ဆိုတော့ ကြွက်သားကလည်း ဖြစ်ထွန်းချင်သလောက် မဖြစ်ထွန်းဘူး။ အစားလည်း မလျှော့နိုင်တော့ ဆက်မဆော့ဖြစ်ဘူးပေါ့နော်။ အခုက စစ်ကားဆိုတော့လည်း စစ်ကားရိုက်ရမယ်ဆိုတော့ ဗိုက်က ပူလို့မဖြစ်ဘူးလေ။ အဲဒါကြောင့် ဆော့ဖြစ်တာပါ’’ ဆိုပြီးတော့ ဇူလိုင်၂ ရက်နေ့က media 7 နဲ့ စာချုပ်ချုပ်ဆိုခြင်းအခမ်းအနားကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: 7 Sense

Gym လည်းဆော့သေး၊ ထမင်းလည်း မဖြစ်မနေ စားကို စားရမှ ကျေနပ်တဲ့ ရွှေထူးကတော့ 6 Pack အထိ ထွက်ဖို့ မဖြစ်နိုင်လောက်ဘူးဆိုပြီးတော့ ရယ်ရယ်မောမောနဲ့ ပြောပြထားပါသေးတယ်။

‘’ Target ကတော့ 6 Pack အထိပေ့ါနော်။ ဒါပေမယ့် 4 Pack ရရ၊ 2 Pack ရရ ရသလောက်အထိတော့ သွားမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ အစားအသောက်က လျှော့ရမှာပဲလေ။ ထူးအောင်တို့ကလည်း အစားလျှော့ဖို့ပြောတယ် ဒါပေမယ့် ကျွန်တော်က မရဘူး ထမင်းက ကြိုက်တာကိုး။ ထမင်းမစားရရင်ကို စိတ်က သိပ်မမှန်ဘူး။ အများကြီးတော့ မမျှော်လင့်ပါဘူး 2 Pack လောက်ရရင် ကျေနပ်ပါပြီ’’ လို့ သူကပြောပါတယ်။

Photo: 7 Sense

ကာရိုက်တာအတွက် Gym အရမ်းဆော့နေရတာဖြစ်ပေမယ့် ချစ်ဇနီးချောလေးရဲ့ ဟင်းချက်လက်ရာကြောင့် မစားပဲ မနေနိုင်ဘူးလို့ ရွှေထူးက ပြောပါတယ်။

‘’အမျိုးသမီးကတော့ စားစေချင်လို့ ဟင်းတွေဘာတွေ ချက်ကျွေးတယ်။ ကိုယ်က အဆီမစားဘူးဆိုပေမယ့် အမျိုးသမီးက ချက်တော့လည်း စားရတာပေါ့လေ။ တစ်နေ့ကို ၅ နပ်၊ ၆ နပ်ကတော့ ပုံမှန်ပါပဲ။ ထူးအောင် ဆော့သလိုတော့ လိုက်ဆော့ကြည့်တာပဲ ဒါပေမယ့် ကျွန်တော်တို့ လျှာထွက်တာပဲ။ ထူးအောင်တို့ကလည်း ကျွန်တော့်ကို သေသေချာချာ လေ့ကျင့်သင်ကြားပေးပါတယ်’’ လို့ သူကဆိုပါတယ်။

ရွှေထူးကိုတော့ ပရိသတ်တွေက အဆိုတော်တစ်ယောက်အဖြစ် အရင်ဆုံး အားပေးခဲ့ကြတာဖြစ်ပါတယ်။ တစ်ကိုယ်တော် အခွေ ၂ ခွေ ထွက်ရှိပြီးခဲ့ပါပြီ။ သရုပ်ဆောင်အပိုင်းနဲ့ ပတ်သက်လို့လည်း သူကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေက ပရိသတ်အရှေ့ကို ရောက်ရှိခဲ့ပြီးဖြစ်ပါတယ်။ မကြာခင် ရုံတင်ပြတော့မယ့် “ဒဏ္ဍာရီမိုး’’ ရုပ်ရှင်ဇာတ်ကားမှာလည်း စာရေးဆရာ မိုးတိမ်ညို ဆိုတဲ့ ဇာတ်ကောင်နဲ့ ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရမှာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က