ကြီးကြီးမားမားလုပ်တဲ့ ပရဟိတကမှ ပရဟိတမဟုတ်ပါဘူး။

ခန့်စည်သူကတော့ ပရဟိတအလုပ်တွေနဲ့ ပတ်သက်ပြီး သူ့ရဲ့ ခံယူချက်တွေကို ပြောပြလာခဲ့ပါတယ်။ အခုချိန်မှာလည်း သူဟာ စိတ်ချမ်းသာတဲ့သူတွေကိုပဲ အားကျတယ်လို့ဆိုပါတယ်။

photo: Khant Si Thu



ခန့်စည်သူဟာ လက်ရှိမှာ ဝါသနာပါတဲ့ အနုပညာအလုပ်တွေကိုလုပ်ကိုင်ရင်း ပရဟိတအလုပ်တွေကိုလည်း အဆက်မပြတ်ဆောင်ရွက်နေသူတစ်ယောက်ဖြစ်ပါတယ်။ ကြီးကြီးမားမားကုသိုလ်ယူမှ ပရဟိတ မဟုတ်ပါဘူးလို့လည်း Duwun Media ကနေ ပြောပြခဲ့ပါသေးတယ်။

‘’အစ်ကိုက သရုပ်ဆောင်အလုပ်လုပ်တယ်၊ ကိုယ်ရိုက်လိုက်တဲ့ ဇာတ်ရုပ်က ဟာသဇာတ်ရုပ်ဆိုရင် အဲဒီဇာတ်ရုပ်ကို ပရိသတ်က ပျော်သွားမယ်၊ ရယ်သွားမယ်၊ ကျေနပ်သွားမယ်ဆိုရင် ဒါကလည်း ပရဟိတ လုပ်တာပဲလေ။ လမ်းသွားရင်းနဲ့ တစ်ယောက်ယောက်က အခက်အခဲဖြစ်နေလို့ ကူညီပေးလိုက်မယ်ဆိုရင် ဒါလည်း ပရဟိတပဲလေနော်။ ကြီးကြီးမားမားလုပ်မှ ပရဟိတမဟုတ်ပါဘူး။ အသေးဆုံးတွေမှာလည်း ပရဟိတရှိပါတယ်’’ လို့ ဆိုပါတယ်။

photo: Khant Si Thu

အခုဆိုရင်တော့ ခန့်စည်သူဟာ ရင့်ကျက်လာပြီလားဆိုတဲ့ မေးမြန်းခြင်းအပေါ်မှာလည်း အခုလို ဖြေဆိုလာတဲ့တာကို တွေ့ရပါတယ်။

‘’ လူဆိုတော့လည်း ဒေါသ၊ မောဟတွေတော့ နည်းနည်းရှိတာပေါ့နော်။ ရင့်ကျက်တယ်ဆိုတာကလည်း အသက်ကြီးလာတာနဲ့အမျှ စိတ်တွေ ထားတတ်ဖို့ အရေးကြီးတာပေါ့နော်။ ငယ်ငယ်တုန်းကတော့ ပိုက်ဆံချမ်းသာတဲ့သူတွေကို အားကျတာပေါ့။ အသက်ကြီးလာတဲ့အချိန်မှာတော့ စိတ်ချမ်းသာတဲ့သူတွေကိုပဲ အားကျတော့တာပေါ့။ အဲ့ဒီသဘောပါ’’ ဆိုပြီးတော့ နိုဝင်ဘာလ ၁ ရက်နေ့က ‘’တစစ်တမတ်’’ ရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။

photo: Khant Si Thu

ပရိသတ်တွေကိုလည်း စိတ်ချမ်းသာစေချင်သလို ကိုယ်တိုင်ကလည်း စိတ်ချမ်းသာအောင် နေတတ်တဲ့သူကတော့ ခန့်စည်သူဖြစ်ပါတယ်။

‘’အဓိက ကတော့ စိတ်လည်းချမ်းသာရမယ်။ ကိုယ်လည်းကျန်းမာရမယ်။ ပြီးတော့ ကိုယ်မကျန်းမာရင်လည်း စိတ်က ချမ်းသာမှာမဟုတ်ဘူး။ တစ်သက်လုံးကြိုးစားပြီးတော့ ကိုယ်ရှာထားသမျှပိုက်ဆံတွေ အားလုံးက ဆေးရုံ၊ ဆေးခန်း တွေကို သွားပေးသလို ဖြစ်နေမှာပေါ့။ စိတ်ကလည်း လိုချင်တာတွေ အများကြီး လျော့ချပေါ့။ အများကြီး ဆုပ်ကိုင်မထားနဲ့ လွှတ်ချလိုက်ရင် ပေါ့ပါးသွားလိမ့်မယ်’’ လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

photo: Khant Si Thu

ခန့်စည်သူဟာ သီဟသုဓမ္မမဏိဇောတဓရ၊ အဘိဓမ္မဓရ အကယ်ဒမီ ခန့်စည်သူဆိုတဲ့ ဘွဲ့ကို လည်း ရရှိထား သူဖြစ်ပါတယ်။ သူဟာ ၂၀၀၈ ခုနှစ်တုန်းက ‘’အများနှင့် မသက်ဆိုင်သောသူ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ရရှိထားသူဖြစ်ပါတယ်။ လက်ရှိမှာလည်း ‘’မေတ္တာသိင်္ဂဟ’’ အသင်းကြီးကို ဦးဆောင်ပြီး ပရဟိတအလုပ်တွေလုပ်ဆောင်နေတာ တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က