အကောင်းဆုံးကြိုးစားခဲ့ပါတယ်။

တန်ခွန်ကျော်ကတော့ ရှေ့ဆက်လျှောက်မယ့် အနုပညာလမ်းကြောင်းအတွက် စိတ်လှုပ်ရှားနေပါပြီတဲ့။ ပြိုင်ပွဲမှာ သူ့ရဲ့ ကြိုးစားမှုတွေကို မိခင်ဖြစ်သူ နားလည်ပေးနိုင်မယ်လို့ မျှော်လင့်တဲ့အကြောင်း ရင်ဖွင့်လာခဲ့ပါတယ်။

Myanmar Idol (Season-4) ကနေ နောက်တစ်ကြိမ် နှုတ်ဆက်ထွက်ခွာခဲ့ရသူကတော့ တန်ခွန်ကျော်ဖြစ်ပါတယ်။ သူ့ကို ချစ်တဲ့ ပရိသတ်တွေနဲ့အတူ စိတ်မကောင်းဖြစ်ရတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။



“Myanmar idol က အဖွဲ့သားတွေနဲ့ ခွဲခွာရတာ စိတ်မကောင်းဖြစ်တယ်။ Myanmar idol ပွဲကတော့ ကျွန်တော့်အတွက်ဆုံးသွားပြီပေါ့နော်။ အနုပညာလမ်းခရီးကတော့ အခုမှ စမှာဆိုတော့ မမြင်ရသေးတဲ့ အရာတစ်ခုကို မြည်းစမ်းရတော့မယ်ဆိုတော့ စိတ်ဝင်စားတယ်။ ရှေ့ဆက်လျှောက်ရမယ့် လမ်းအတွက်လည်း စိတ်လှုပ်ရှားနေတယ်”လို့ ဆိုပါတယ်။

တန်ခွန်ကျော်ဟာ သူ့ရဲ့ မိခင်နဲ့အတူ ပရိသတ်တွေအတွက် အကောင်းဆုံး ကြိုးစားပေးခဲ့တယ်လို့ဆိုပါတယ်။ သူ့ရဲ့ ခံစားချက်ကို မိခင်ဖြစ်သူလည်း နားလည်ပေးနိုင်ဖို့ မျှော်လင့်တယ်ဆိုပြီးတော့ နိုဝင်ဘာလ ၂၂ ရက်နေ့ညက Myanmar Idol (Season-4) 4 week Voting Result Show မှာ ဖြေဆိုခဲ့တာပါ။

“ အဖေတော့ မရှိတော့ဘူးပေါ့နော်။ အမေ့ကိုတော့ အကောင်းဆုံးမလုပ်ပြနိုင်ခဲ့လို့ တောင်းပန်တယ်လို့လည်းမဟုတ်ဘူး။ အမေကလည်း အားပေးတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း အကောင်းဆုံး လုပ်ခဲ့တယ်လို့ထင်တယ်။ ပရိသတ် လက်ခံတာမခံတာတော့ ကိုယ့်အပိုင်းမဟုတ်ဘူးလေနော်။ ကျွန်တော့်ရဲ့ ပါရမီကိုယ်က ဒီလောက်ပဲ ပါခဲ့လို့ ဒီလောက်ပဲ ဆုံးခဲ့တာဖြစ်တဲ့အတွက် ဒါကို အမေလည်း နားလည်မှာပါ”

တန်ခွန်ကျော်ဟာ နှုတ်ဆက်သီချင်းကိုသီဆိုတဲ့အခါမှာတော့ အဆိုတော် စောလားထော်ဝါးရဲ့ “သက်ငယ်မုဒိန်းကောင်များ” ဆိုတဲ့ သီချင်းကို သီဆိုခဲ့တာဖြစ်ပါတယ်။ ဒီသီချင်းကို အားပေးကြတဲ့ ပရိသတ်တွေကလည်း အများကြီးပါပဲ။ နောက်ဆုံး နှုတ်ဆက်သီချင်းအဖြစ် “သက်ငယ်မုဒိန်းကောင်များ” သီချင်းကို ရွေးချယ်သီဆိုခဲ့တဲ့ ရည်ရွယ်ချက်ကို ပြောပြလာပါတယ်။

“ ကလေးတွေကို ဖျက်ဆီးနေတဲ့ မုဒိန်းကောင်တွေကို ဒီသီချင်းလေးကနေတဆင့် သင်ခန်းစာပေးချင်တဲ့ရည်ရွယ်ချက်နဲ့ သီဆိုခဲ့တာပါ။ ဒီသီချင်းကို ဆိုခွင့်ရချင်တယ်ဆိုပြီးတော့ စိတ်ထဲမှာ တွေးထားခဲ့တာပါ။ အခု ဆိုခွင့်ရခဲ့လို့ ဝမ်းသာတယ်။ ဒီသီချင်းနားထောင်ပြီး အနည်းဆုံး တစ်ယောက်ပြောင်းလဲရင်တောင်မှ ကျွန်တော် ဆိုရကျိုးနပ်ပါတယ်” လို့ သူကဆိုပါတယ်။

တန်ခွန်ကျော်(Tan Khun Kyaw)ကတော့ အဘွား၊ မိခင်၊ ညီလေးတို့နဲ့အတူ ခန္ဓီးမှာ နေထိုင်တာဖြစ်ပါတယ်။ သူဟာ နာဂတိုင်းရင်းသားတစ်ယောက်ပါ။ ဖခင်ဖြစ်သူကတော့ ၆ တန်းနှစ်အရွယ်မှာ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။ သူဟာ Myanmar Idol (Season-4) သီချင်းဆိုပြိုင်ပွဲကြီးမှာတော့ Top-8 အထိ ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့သူဖြစ်ပါတယ်။ ဒီပြိုင်ပွဲကနေတဆင့် ပရိသတ်အခိုင်အမာ ရရှိခဲ့တဲ့ အဆိုတော် တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က