သက်ငယ်မုဒိန်းမှုတွေအပေါ် သူမရဲ့ သဘောထားကိုပြောပြလာပါတယ်။

အိန္ဒြာကျော်ဇင်က သက်ငယ်မုဒိန်း ပညာပေး ဇာတ်ကားဖြစ်တဲ့ ဟစ်တိုင်ရုပ်ရှင်ဇာတ်ကားထဲက ဒေါင်းနီ ကာရိုက်တာပီပြင်ဖို့ စိတ်ပင်ပန်း၊ လူပင်ပန်းတဲ့အထိ ကြိုးစားသရုပ်ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။

အိန္ဒြာကျော်ဇင်ကတော့ ‘’ ဟစ်တိုင်’’ ရုပ်ရှင်ဇာတ်ကားထဲက ဒေါင်းနီ ကာရိုက်တာအပေါ် သူမရဲ့ ကြိုးစားအားထုတ်မှုတွေကို ပြန်လည်ပြောပြလာပါတယ်။ အကြောကပ်သွားတဲ့အထိအောင် ဖြစ်ခဲ့ရတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့တာပါ။



‘’ အကြောတွေ ကပ်သွားတဲ့ အခန်းတစ်ခန်းကလည်း အလောင်းဆွဲလာပြီးတော့ အော်လိုက်တဲ့အခန်းပေါ့နော်။ ဒါရိုက်တာက ကဒ် ဆိုတာတောင်မှ Mood က ချက်ချင်း ရပ်လို့တောင်မရဘူးဖြစ်သွားတယ်။ အဲဒီမှာ မောပြီးတော့ ခြေတွေ၊ လက်တွေတုန်ပြီးတော့ အကြောကပ်သွားတယ်။ အန်တီမေသန်းနုတို့ကလည်း အကုန်ဝိုင်းပြီးတော့ ဖြေပေးရတယ်။ အဲဒါကတော့ စိတ်အရမ်းရောက်သွားလို့ ဖြစ်သွားတယ်လို့ အစ်မ ထင်ပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: ဟစ်တိုင်

ဒေါင်းနီကာရိုက်တာကတော့ သူမအတွက် စိတ်ရော၊ လူရော ပင်ပန်းခဲ့ရတဲ့ အနေအထားပါလို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။ ဒါပေမယ့်လည်း ရိုက်ကွင်းပေါ်အထိ လာအားပေးကြတဲ့ ပရိသတ်များစွာကြောင့်လည်း ရိုက်ကွင်း ဖျက်ရတဲ့အနေအထားတွေလည်းရှိခဲ့ပါတယ်တဲ့။

‘’စိတ်ကတော့ အရမ်းပင်ပန်းတယ်။ ဒီဇာတ်ကားက လူလည်းပင်ပန်းတယ်။ အူဝဲ တို့ တည်းတဲ့နေရာ ကနေပြီးတော့ မနက်ဆိုလို့ရှိရင် ရိုက်တဲ့နေရာကို ၁ နာရီကျော်ကျော်လောက် ကားမောင်းပြီးတော့ သွားရတယ်။ အနီးအနားက ရွာက လူတွေကလည်း လာအားပေးကြတယ်။ တစ်ခါတလေ လူအုပ်အရမ်းများလို့ ရှုတင်ကို ဖျက်လိုက်ရတဲ့ အနေအထားမျိုးတွေရှိတယ်။ ရိုက်ရတာ အခက်အခဲဖြစ်၊ အနှောက်အယှက်ဖြတ်တ ယ်ဆိုပေမယ့်လည်း အူဝဲတို့ စိတ်ထဲမှာ အားပေးကြတယ်၊ ချစ်ကြတယ်ဆိုတဲ့ စိတ်နဲ့ စိတ်မဆိုးဘူး ကျေးဇူးတင်တာပါ’’ လို့ ‘’ဟစ်တိုင်’’ ဇာတ်ကား မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့ပါတယ်။

ဟစ်တိုင် ရုပ်ရှင်ဇာတ်ကားဟာ သက်ငယ်မုဒိန်း ပညာပေး ဇာတ်ကားတစ်ကားဖြစ်ပြီး သားသမီးရှိတဲ့ မိဘတိုင်း ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပါ။ ဒီလို သက်ငယ်မုဒိန်းမှုတွေ ပေါ်ပေါက်လာတဲ့ အပေါ် အိန္ဒြာကျော်ဇင်က သူမရဲ့ စိတ်ထဲက ဆန္ဒအတိုင်း ပွင့်ပွင့်လင်းလင်းပြောပြခဲ့ပါတယ်။

‘’အဲဒါကလေ အခုအခြေအနေမှာ ပိုပြီးတော့ ကြားနေရသလိုပဲ။ ပိုဆိုးနေတယ်လို့လည်း ထင်တယ်ပေါ့နော်။ ဒါပေမယ့် အခုက Facebook တွေမှာ ကျယ်ပြန့်နေတဲ့အခါကျတော့ ဒီအပေါ်မှာ သတင်းတွေက တက်တက်လာတော့ အဲဒါတွေက ပိုမြင်နေတယ်၊ ပိုကြားနေရတာပေါ့နော်။ အဲဒီသတင်းတွေတက်လာပြီဆိုရင်လည်း ဘယ်လိုမှကို မခံစားနိုင်တာ။ ဒီကိစ္စကို အမေတွေရော၊ အဖေတွေရော ဘယ်သူမှလည်း ဒီကိစ္စကို ခံစားနိုင်မှာ မဟုတ်ဘူး။ ဒီလိုလုပ်ရပ်၊ ဒီလို လူမျိုးတွေကိုလည်း နောက်မလုပ်အောင် ထိထိရောက်ရောက်လေးတော့ ဖြစ်စေချင်တယ်။ ဒါမျိုးက လုံးဝ မဖြစ်သင့်တဲ့ ကိစ္စကို ထိထိရောက်ရောက် တားဆီးပေးစေချင်တယ်’’ လို့ ဆိုပါတယ်။

Photo: ဟစ်တိုင်

စာရေးဆရာမ သျှင်မရဲ့ ဝတ္ထုကို ရုပ်ရှင်အဖြစ် ပြန်လည်ပုံဖော်မယ့် ဟစ်တိုင် ဇာတ်ကားကို ဒါရိုက်တာ ဟိန်းစိုးက ရိုက်ကူးကာ အကယ်ဒမီအိန္ဒြာကျော်ဇင်၊ အကယ်ဒမီမေသန်းနု၊ စိုင်းဝဏ္ဏအောင်၊ ထူးပြည့်အောင် ၊ဇင်မျိုး ၊ ရဲမွန် ၊ စိုးမိုးကြည်၊ သန်းသန်းစိုး ၊ လှမျိုးသဉ္ဇာနွယ်၊ သရုပ်ဆောင်များစွာ တို့ နှင့်အတူ ကလေးသရုပ်ဆောင် ပြည့်ပြည့်တို့ က အဓိက ပါဝင်သရုပ်ဆောင်ထားတာပါ။ ဒီဇာတ်ကားကိုတော့ ၂၀၁၉ ခုနှစ် မေလ ၁၆ ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က