ဖြူဖြူထွေးနဲ့ ကြော်ငြာရိုက်ကူးခဲ့တဲ့ အမှတ်တရတွေကို ပြောပြလာပါတယ်။

ဘုန်းလျှံဟာ ဖြူဖြူထွေးကသူ့ကို ကြော်ငြာရိုက်ဖို့ ကမ်းလှမ်းခဲ့ပေမယ့် ကန်တော့ခံရလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူးလို့ ဆိုပါတယ်။ 

Photo: Bhone Hlan



ဘုန်းလျှံကတော့ သူ့ရဲ့ ဘဝမှာ ရှုတင်သွားပြီး ကန်တော့ခံရတာ ပထမဆုံးဖြစ်လို့ စိတ်လှုပ်ရှားနေမိတယ်လို့ ဆိုပါတယ်။ သူဟာ သရုပ်ဆောင် ဖြူဖြူထွေးနဲ့ ကြော်ငြာရိုက်ကူးခဲ့တဲ့ အမှတ်တရတွေကို Duwun ကနေ ပြောလာပါတယ်။

 “ အစ်ကို အနုပညာလုပ်တဲ့ တစ်သက်မှာ ကန်တော့ခံရတာ ပထမဆုံးပဲ။ ကိုယ်ကပဲအသက်ကြီးလာလို့လား မသိဘူး။ ဖြူဖြူထွေးနဲ့ အစ်ကို ဆိုရင် အသက်က ၁၈ နှစ်လောက် ကွာမယ်ထင်တယ်။ ရှုတင်သွားပြီးတော့ ကန်တော့ခံရတယ် ဆိုတာကလည်း အစ်ကို့ ဘဝမှာ ပထမဆုံးပဲ။ အရင်တုန်းကတော့ သူက သွားပြီး ကန်တော့ကြတယ်လို့ ထင်တာ။ နောက်တော့မှ ကိုယ်တွေကို ကန်တော့မှန်းသိတာ ဆန်တွေ၊ ဆီတွေ၊ ငါးသေတ္တာတွေရောပါတယ်။ အဲဒါလေးကိုက သူ့ရဲ့ စိတ်ကူးပဲ။ သူပေးတဲ့ အရာလေးတွေက ကိုယ့်အတွက်လည်း အသုံးပြုလို့ရတဲ့ အရာလေးတွေ၊ အနုပညာကြေးဆိုရင်လည်း သူပေးတယ်။ အဲဒီအတွက် ပီတိဖြစ်တယ်၊ ကိုယ်တွေရဲ့ ပီတိကြောင့် သူလည်း ဝမ်းသာရတယ်။ တကယ်ကို စိတ်သဘောထား ကောင်းပါတယ်” လို့ သူက ဆိုပါတယ်။ 

Photo: Bhone Hlan

ဘုန်းလျှံဟာ သရုပ်ဆောင် ဖြူဖြူထွေး၊ ဆုကဗျာ တို့နဲ့ အတူ AYA Mobile Banking ကြော်ငြာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ အနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်လာတဲ့ ပြင်ဆင်‌နေချိန်မှာ ဒီကြော်ငြာလေးက ဘုန်းလျှံအတွက် ပထမဆုံး အနုပညာလှုပ်ရှားမှုဖြစ်ခဲ့တယ်လို့ သူက ဆိုပါတယ်။

“ ဒီနေ့ ရိုက်တဲ့ ကြော်ငြာက AYA Mobile Banking 2.0 ဆိုတဲ့ကြော်ငြာကို အစ်ကိုရယ်၊ ဆုကဗျာရယ်၊ ဖြူဖြူထွေးရယ်၊ မိုးစက်ရယ် နောက်ထပ် ကောင်မလေး တစ်ယောက်ပါသေးတယ်။ ဒါတွေကို ဇာတ်လမ်းတို သဘောလေး ရိုက်ပေးရတာပေါ့။ ပထမဆုံးကြော်ငြာရိုက်ရတာဆိုတော့ ပျော်တာပေါ့၊ ဖြူဖြူထွေး ကိုယ်တိုင်က အစ်ကို့ကို လိုလိုလားလား နဲ့ ကမ်းလှမ်းပေးတာဆိုတော့ အရမ်းကျေးဇူးတင်ပါတယ်။ ဝမ်းလည်း ဝမ်းသာပါတယ်။ သူနဲ့ အစ်ကို ခင်တာ ၂ ရက်ပဲ ရှိတာ။ မနေ့ကမှ ကြော်ငြာရိုက်ဖို့လှမ်းပြောတာ။ တကယ်ရိုက်တော့လည်း စိတ်ချမ်းသာရတယ်” လို့ ဆိုပါတယ်။ 

Photo: Bhone Hlan

ကိုယ်တိုင် ဒါရိုက်တာလုပ်၊ ကြော်ငြာတစ်ခုကို ကိုယ်ပိုင်အိုင်ဒီယာလေးနဲ့ ဖန်တီးနိုင်စွမ်းရှိတဲ့ ဖြူဖြူထွေးရဲ့ အရည်အချင်းတွေကိုလည်း ဘုန်းလျှံက ချီးကျူးစကားဆိုခဲ့ပါသေးတယ်။ “ သူကလေ အိုင်ဒီယာအပိုင်းမှာ စဉ်းစားတွေးခေါ်နိုင်တဲ့ အပိုင်းလေးတွေ ရှိတယ်။ အလုပ်အပေါ်မှာလည်း ညှာညှာတာတာ၊ ပေါ့ပေါ့ပါးပါးလေးနဲ့ အကုန်လုံးကို မြန်မြန်ဆန်ဆန် လေးတွေ သူလုပ်တယ်။ ရှုတင်မှာဆိုရင်လည်း သူနဲ့ဆို တစ်ချိန်လုံး ရယ်နေရတယ်။ သူ့ရဲ့ ဖန်တီးနိုင်မှုလေးတွေက အရမ်းကောင်းတယ်။ ဒီ့ထက် မကလည်း သူ လုပ်နိုင်မယ်လို့ အစ်ကို ထင်တယ်။ နောက်ထပ်လည်း အတူတူရိုက်ဖို့ ခေါ်ဦးမယ်လို့ သူ ပြောထားတယ်။ သူကလည်း ပွင့်ပွင့်လင်းလင်း သမား၊ အစ်ကိုကလည်း ပွင့်ပွင့်လင်းလင်းနေတတ်တော့ နှစ်ရှည်လများ ခင်လာကြသူတွေလိုပဲ တကယ်ကို ခင်သွားကြပါတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Bhone Hlan

ဘုန်းလျှံဟာ COVID-19 ကာလပြီးရင် ရုပ်သံဇာတ်လမ်းတွဲ ရိုက်ကူးတော့မယ်လို့ သိရပါတယ်။ ဒါဟာ သူ့အတွက် ပထမဆုံးအကြိမ်ရိုက်ကူးမယ့် ဇာတ်လမ်းတွဲဖြစ်တယ်လို့လည်း သိရပါတယ်။ ဘုန်းလျှံကတော့ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ဒဏ် (၁၂) နှစ်ကျခံရမှာ ဖြစ်ပေမယ့် အပြစ်ဒဏ်(၇) နှစ် ပေးဆပ်ပြီးနောက် ၂၀၂၀ခုနှစ်၊နှစ်ဆန်းတစ်ရက် နေ့မှာ နိုင်ငံတော်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။ ထောင်ထဲမှာ နှစ်အကြာကြီးနေခဲ့ရတဲ့ သူအတွက် ဘဝသင်ခန်းစာတွေ အများကြီးရခဲ့သလို အတွေ့အကြုံတွေလည်းအများကြီးရခဲ့တယ်လို့ သူက ဆိုပါတယ်။ ဘုန်းလျှံကိုတော့ ဗီဒီယိုဇာတ်ကားများစွာထဲမှာ ဒုတိယမင်းသားတစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က