ကွယ်လွန်ပြီးနောက် အလှူအတန်းတွေ အများကြီး လုပ်ပေးခဲ့ကြပါတယ်။

ဦးမန်းဝင်း ကွယ်လွန်ခဲ့တာ (၁) လပြည့်ပြီဖြစ်တာကြောင့် သူ့အတွက် ရည်စူးပြီး လှူခဲ့သမျှ အလှူအတန်းတွေကို မိသားစုဝင်များက ဒီနေ့မှာ ရေစက်ချ အမျှဝေခဲ့ကြပါတယ်။ 

ပရိသတ်တွေကို ဟာသပြက်လုံးတွေနဲ့ ရယ်မောပျော်ရွှင်စေခဲ့တဲ့ လူရွှင်တော်ကြီး ဦးမန်းဝင်း ကွယ်လွန်ခဲ့တာ ဒီနေ့ သြဂုတ်လ(၁၃) ရက်နေ့မှာ တစ်လတိတိပြည့်ပြီဖြစ်ပါတယ်။ ဦးမန်းဝင်းအတွက် ရည်စူးပြီး မိသားစုဝင်များက အောက်ဆီဂျင်အိုး(၂) အိုး နဲ့ ကျောက်ဆင်းတုတော်ဘုရား တစ်ဆူ လှူဒါန်း ကုသိုလ်ပြုလုပ်ပေးခဲ့တယ်လို့ Duwun ကနေတဆင့် ဦးမန်းဝင်းရဲ့ ဇနီးဖြစ်သူ ဒေါ်ခင်အေးကြူက ပြောပြခဲ့ပါတယ်။ 



“ ဒီနေ့ကတော့ ဦးမန်းဝင်းအတွက် ရည်စူးပြီးတော့ လှူဒါန်းထားတဲ့ အလှူလေးတွေကို ရေစက်ချမယ်။ သူနဲ့ပတ်သက်ပြီးတော့ အန်တီတို့ ရပ်ကွက်ထဲက ဇိနမာရ်အောင်စေတီတော်ကြီးမှာ ဦးမန်းဝင်းရဲ့ မွေးနံသောကြာထောင့်မှာ ဘုရားကိုယ်တော်ရဲ့ ဉာဏ်တော် ၃ပေ၊ ပုလ္လင်ရဲ့ အမြင့်ကတော့ ၆ ပေခွဲလောက်ရှိမယ် ကျောက်ဆင်းတုတော် တစ်ဆူကို ဦးမန်းဝင်းကို ရည်စူးပြီး မိသားစု ကောင်းမှုအနေနဲ့ လှူဒါန်းတယ်” လို့ သူက ဆိုပါတယ်။ 

ဦးမန်းဝင်းအတွက် ရည်စူးပြီး ဇနီးနဲ့ သားသမီးများဟာ ဇူလိုင်လ(၂၀) ရက်နေ့တုန်းက လူရွှင်တော် အောင်သော် ဦးဆောင်တဲ့ GMW လူမှုကယ်ဆယ်ရေး အသင်းသို့ အသက်ရှုစက်၊ ချွဲပျော်စက်၊ ဝှီးချဲ ၊ အောက်ဆီမီတာ တို့ကိုလည်း လှူဒါန်းခဲ့သေးတယ်လို့ သိရပါတယ်။ ပစ္စည်းတန်ဖိုး စုစုပေါင်း(၇)သိန်းကျော် တယ်လို့ ချမ်းသာမန်းဝင်းက ဆိုပါတယ်။ သြဂုတ်လ (၁၃) ရက်နေ့မှာတော့ ဇိနမာရ်အောင် စေတီတော်ကြီးသို့ ကျောက်ဆင်းတုတော် ဘုရားတစ်ဆူ အပြင် လူမှုကူညီရေး ပရဟိတ အသင်းသို့ အောက်ဆီဂျင်အိုး(၂) အိုး လှူဒါန်းခဲ့ပါသေးတယ်။ 

အဲဒီနောက် ဦးမန်းဝင်းရဲ့ သမီးကြီးဖြစ်သူ ဟေမာမန်းဝင်းကလည်း ဖခင်အတွက် ရည်စူးပြီး အောက်ဆီဂျင်ဗူး လှူရတဲ့ ရည်ရွယ်ချက်ကို ပြောပြလာပါတယ်။ အဖေ ဦးမန်းဝင်း ကောင်းတဲ့နေရာမှာ နေထိုင်နိုင်စေဖို့ ရင်ထဲမှာ ဆုတောင်းနေတယ်လို့ သူက ဆိုပါတယ်။ 

“ ဖေကြီးအတွက် အခုလို အလှူလေး လုပ်ပေးခွင့်ရတာ အရမ်းဝမ်းသာတယ်။ ကိုယ့်ရင်ထဲက အဖေကြီးအတွက် ဆုတောင်းကတော့ အဖေကြီး ကောင်းရာဘုံဌာနမှာ စံမြန်းနိုင်ပါစေ လို့ ဆုတောင်းပေးတယ်။ သူ့အတွက် ရည်စူးပြီး အလှူတွေ လုပ်ပေးနေတာဆိုတော့ ဖေကြီးသာ သာဓု ခေါ်နိုင်မယ် ဆိုရင် သူ ပါဝါတတ်သွားပြီပေါ့။ ဒီနေ့ဆိုရင် ဘုရားဆင်းတုတော်အပြင် အောက်ဆီဂျင်ဗူးလည်း လှူတယ်။ ရည်ရွယ်ချက်က ဖေကြီးလိုမျိုး နေမကောင်းတဲ့လူတွေ အောက်ဆီဂျင်နဲ့ အသက်ဆက်နိုင်အောင်လို့ အမေက ရည်မှန်းပြီး လှူပေးတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ 

လူရွှင်တော်ကြီး မန်းဝင်းဟာ ဆီးချိုသွေးချိုရောဂါကြောင့် အမြင်အာရုံချို့တဲ့သွားပြီး ကျောက်ကပ် မကောင်းတော့တဲ့အတွက်လည်း ကျောက်ကပ်အမြဲဆေးခဲ့ရပါတယ်။ အဲဒီအပြင် ဖေဖော်ဝါရီလ အတွင်းကလည်း သတိလစ်မေ့မြောကာအရေးပေါ် အခြေအနေကြောင့် အသက်လုခဲ့ရတဲ့အခြေအနေဖြစ်ခဲ့ပါသေးတယ်။အဲဒီနောက် ဇူလိုင်လ (၁၃) ရက်နေ့ မနက် (၆) နာရီခွဲ ကပင်လုံဆေးရုံမှာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး သူ့ရဲ့ ဈာပနကိုတော့ ဇူလိုင်(၁၅) ရက်နေ့က ကျီစုသုဿာန်မှာ ပြုလုပ်ခဲ့တာပါ။ ဇူလိုင်(၁၉) ရက်နေ့မှာတော့ သံဃာတော်များ ပင့်ဆောင်ပြီး ဦးမန်းဝင်းအတွက် ရည်စူးကာ ရက်လည်ဆွမ်းကျွေး တရားနာခဲ့ကြတာဖြစ်ပါတယ်။ 





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က