ကျွန်တော့်နေရာမှာ ပါဝင်မယ့်သူက အဆင်သင့်ရှိပြီးနေပြီ။

စိုင်းဝဏ္ဏအောင်ကတော့ Innocence (BL Series) ထဲမှာ မပါဝင်ဖြစ်တော့တဲ့ အကြောင်းကို စိတ်မကောင်းစွာ ပြောပြလာပါတယ်။ 

Photo: Innocence Page



Innocence ရုပ်သံဇာတ်လမ်းတွဲထဲမှာ စိုင်းဝဏ္ဏအောင်ကို မြူခိုး ဇာတ်ကောင်မှာ ပါဝင်သွားမယ့် သရုပ်ဆောင်အဖြစ် ပရိသတ်တွေ ပိုမိုအားပေးလာခဲ့ကြတာ တွေ့ရပါတယ်။ ဒါပေမယ့် စိုင်းဝဏ္ဏအောင်ကတော့ ဒီဇာတ်ကားထဲကနေ နှုတ်ထွက်လိုက်ပြီလို့ Duwun ကနေ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းရာမှာ အခုလို ပြောပြလာပါတယ်။ 

“ Innocence မှာ မပါဖြစ်တော့တဲ့ အကြောင်းအရင်းက သြဂုတ်လ(၂၀) ရက်နေ့က သူတို့ရဲ့ ရုံးကို ခေါ်ပြီးတော့ ကျွန်တော့်ကို အနုပညာကြေး (၄၀)ရာခိုင်နှုန်းထုတ်ပေးမယ်ဆိုတာရယ်၊ (၂၂)ရက်နေ့မှာ ရိုက်မယ့် အချိန်ဇယား လာထုတ်ဖို့ပြောတယ်။ ဒါပေမယ့် ကျွန်တော့်မှာ တခြားအလုပ်လေးလည်းရှိနေတော့ စကားသွားပြောတာ အချိန်မမီတော့ ကျွန်တော့် သူငယ်ချင်းကို အချိန်ဇယား ထုတ်ပေးဖို့ အကူအညီတောင်းတယ်။ ပိုက်ဆံကတော့ မထုတ်သေးဘူး။ ကိုယ်တိုင်မလာတဲ့အတွက် ကျွန်တော့်ကိုဖုန်းဆက်ပြီးလှမ်းဆူတယ်။ ပြီးတော့ အစည်းအဝေးရှိတယ်ဆိုတာလည်း ကျွန်တော့်ကို မပြောခဲ့တဲ့အတွက် မသိခဲ့ဘူး။ နောက်ဆုံးကျတော့ ဒီနေ့ Payment နဲ့ အချိန်ဇယား လာထုတ်ပါ မထုတ်ရင် စာချုပ်ဖျက်မယ်လို့ပြောခဲ့တယ်။ ဒီကိစ္စက ကျွန်တော့်ကို စာချုပ်ဖျက်ရအောင် အထိ အရေးကြီးတဲ့ ကိစ္စ မဟုတ်ဘူး။ နောက်တစ်နေ့ကျတော့ ကျွန်တော့်ကို လိုလားမှု မရှိတဲ့ ကုမ္မဏီတစ်ခုနဲ့ အလုပ်မလုပ်ချင်တော့တဲ့ အတွက် အစ်ကိုတို့ ဘယ်တော့ စာချုပ်ဖျက်မှာလဲ ပြောလိုက်တယ်။ အခုချိန်ထိတော့ ဇာတ်ကားထဲက နှုတ်ထွက်တယ်ဆိုတာကို စာချုပ်မှာ လက်မှတ်မထိုးရသေးဘူး။ ကျွန်တော် သူတို့နဲ့ မနက်ပိုင်းမှာပဲ စာချုပ်ဖျက်သိမ်းမယ် ပြောပြီး နေ့လယ်လောက်မှာ ကျွန်တော့်နေရာမှာ ပါဝင်မယ့်သူက အဆင်သင့်ရှိပြီးနေပြီ။ ” လို့ သူကဆိုပါတယ်။ 

Photo: Htet Paing Ye

စိုင်းဝဏ္ဏအောင် အနေနဲ့ Innocence ရုပ်သံဇာတ်လမ်းတွဲနဲ့ ပတ်သက်ပြီး Rehearsal တွေ လုပ်ခဲ့ဖူးတယ်လို့ ပြောပါတယ်။ ဒါကြောင့် တချို့ အနုပညာအလုပ်တွေကို ဖျက်ခဲ့ရတာတွေလည်းရှိတယ်လို့ သိရပါတယ်။ ဒီဇာတ်ကားမှာ မပါဝင်ဖို့ ဆုံးဖြတ်လိုက်တဲ့ အချိန်မှာ သူကိုယ်တိုင်ကလည်း စိတ်မကောင်းဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။ 

“ ကျွန်တော့်ရဲ့ အချိန်တွေလည်းအများကြီးကုန်ခဲ့တယ်၊ ငွေတွေလည်း အများကြီး ကုန်ကျခဲ့ပါတယ်။ သူတို့ ဘာပွဲပဲလုပ်လုပ် အဝတ်အစားကအစ ကိုယ့်သဘောနဲ့ကိုယ် စီစဉ်ခဲ့ရတာ ရိုက်တော့မယ့် အချိန်ကျတော့မှ ဒီလိုမျိုးကြီး လုပ်လိုက်တော့ နစ်နာခဲ့ရတာတွေ အများကြီးရှိတယ်။ ကျွန်တော့်ရဲ့ အချိန်၊ ငွေတွေကိုလည်း အရမ်းနှမြောမိတယ်။ ဝမ်းလည်း ဝမ်းနည်းတယ်။ မတရားဘူးလို့လည်း ခံစားရပါတယ်။ Photo Shooting တုန်းကလည်း ကျွန်တော့်မှာ ဝတ်စုံအခက်အခဲရှိနေတယ်ဆိုတော့ ကိုစိုင်း အဆင်မပြေရင် မလာပါနဲ့ဆိုပြီး ဖုန်းဆက်ပြီးတော့လည်းပြောတယ်၊ Messenger ကလည်း ပြောတယ်။ နောက်ကျတော့ ကျွန်တော် မလာပါဘူးဆိုပြီးတော့ လိုင်းပေါ်မှာ တက်ရေးတယ်။ ကျွန်တော့်မှာ သက်သေတွေရှိပါတယ်” လို့ သူက ဆိုပါတယ်။ 

Photo: Sai Wunna Aung

Innocence ရုပ်သံဇာတ်လမ်းတွဲထဲကနေ စိုင်းဝဏ္ဏအောင် နှုတ်ထွက်သွားတဲ့ အချိန်မှာ စိတ်မကောင်းဖြစ်ခဲ့ကြတဲ့ ပရိသတ်တွေ ရှိသလို ဝမ်းသာခဲ့ကြတဲ့ ပရိသတ်တွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။ စိုင်းဝဏ္ဏအောင်ကလည်း သူ့ကို အားပေးဖို့ စောင့်မျှော်နေကြတဲ့ ပရိသတ်တွေကို တောင်းပန်စကား ဆိုလာခဲ့ပါသေးတယ်။ 

“ ပရိသတ်တွေကိုတော့ ကျွန်တော်ပြောချင်တာက တောင်းပန်ပါတယ်။ သူတို့လည်း မျှော်လင့်ထားကြတယ်၊ အရမ်းလည်း အားပေးချင်နေကြတယ်။ ဒါပေမယ့် ကျွန်တော်လည်း သည်းမခံနိုင်တော့ဘူး။ အဲဒီအတွက် မရိုက်ဖြစ်တော့ဘူး။ ပရိသတ်တွေကလည်း Jay Baas ထွက်ပြီးကတည်းက ကျွန်တော့်ကို မရိုက်စေချင်တော့ဘူး။ Innocence ကလည်း အရင်တုန်းက အရမ်းကို အောင်မြင်တယ်၊ လူငယ်တွေရဲ့ အားပေးမှု အများကြီးရခဲ့တယ်။ အခုချိန်မှာ ဒီဇာတ်ကားက အားပေးတဲ့သူထက် Hater တွေက ပိုများလာပြီ။ ကျွန်တော် ထွက်ပြီဆိုတော့ ဝမ်းနည်းတဲ့ ပရိသတ်တွေ ရှိသလို ဝမ်းသာသွားကြတဲ့ ပရိသတ်တွေလည်း ရှိနေကြတယ်" လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

စိုင်းဝဏ္ဏအောင်ကတော့ အနုပညာလောကထဲကို မော်ဒယ်တစ်ယောက်အဖြစ်ကနေ ဝင်ရောက်လာခဲ့တာဖြ စ်ပါတယ်။ အဲဒီနောက် Music Video တွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ပရိသတ်တွေက တောင်ကိုရီးယားသရုပ်ဆောင် လီမင်ဟိုနဲ့ တူတယ်လို့ ပြောလာကြတဲ့အချိန်မှာတော့ ပရိသတ်တွေ ပိုသိခဲ့ကြတာပါ။ အခုဆိုရင်တော့ စီနီယာအနုပညာရှင်တွေနဲ့ အတူ ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးနေတာ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က