ညီအစ်ကိုအချင်းချင်းဆိုတော့ ပျော်လည်း ပျော်ရတယ်။

ဖြိုးမြတ်အောင်ဟာ ညီဖြစ်သူနဲ့ ငယ်ငယ်တုန်းက အမှတ်တရတွေကို အခုလို ပြောပြလာပါတယ်။ 

ဖြိုးမြတ်အောင်ကတော့ ဇင်ကိုကိုဖြိုး(ခ) ဘချစ် ဆိုတဲ့ သူ့ရဲ့ ညီအရင်း နဲ့ ပရိသတ်ကို မိတ်ဆက်ပေးခဲ့ပါတယ်။ စိတ်တူ ကိုယ်တူ ညီတစ်ယောက်ပိုင်ဆိုင်ထားတဲ့ သူ့ရဲ့ ခံစားချက်ကိုလည်း Duwun ကနေ ပြောပြလာပါတယ်။ 



" ညီအစ်ကို နှစ်ယောက် ရှိတော့ ငယ်ငယ်တုန်းကဆိုရင် ဆော့ဖော်ဆော့ဖက်၊ ကြီးလာတော့ သောက်ဖော် သောက်ဖက် ဖြစ်တာပေါ့။ ပြီးတော့ ရန်ဖြစ်ဖော် ရန်ဖြစ်ဖက်ပဲ သူများတွေနဲ့ ရန်ဖြစ်နေရင် စကားတွေက ပြောရအုံးမယ်။ ကိုယ့်ညီအစ်ကိုတွေ ဆိုတော့ ပြောစရာမလိုဘူး အေးအေးဆေးဆေးပဲ။ ညီအစ်ကို အချင်းချင်းဆိုတော့လည်း ပျော်ရတယ်" ဆိုပြီးတော့ ဇူလိုင် ၉ ရက်နေ့က မွေးနေ့ အလှူမှာ ဖြေဆိုခဲ့တာပါ။ 

ဖြိုးမြတ်အောင် နဲ့ ငယ်ငယ်တုန်းကအမှတ်တရတွေကို ညီအရင်းဖြစ်တဲ့ ဇင်ကိုကိုဖြိုးက အခုလို ပြောပြလာပါတယ်။ သူတို့ နှစ်ယောက် ရန်ဖြစ်လို့ အမေက အိမ်ပေါ်က ဆင်းသွားခဲ့ဖူးတယ်လို့ ဆိုပါတယ်။ 

"အမှတ်တရဆိုရင် ငယ်ငယ်တုန်းက မုန့် လုစားရင်း ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက် ရန်ဖြစ်တော့ အမေပေါ့ စိတ်ဆိုးပြီး အိမ်ပေါ်က ဆင်းသွားရော။ ကိုယ်တွေ နှစ်ယောက်ကလည်း အမေကို အရမ်းချစ်တဲ့လူတွေဆိုတော့ နှစ်ယောက်သား ဖက်ငိုကြတာ။ ငါတို့ နောက်ဆို ရန်မဖြစ်တော့ပါဘူးကွာဆိုပြီးတော့ အမေ့ကို အပျောက်မခံတာ။ သူကလည်း ညီလေးရယ် ရန်မဖြစ်တော့ဘူးကွာတဲ့။ ပြီးတော့မှ အမေက တံခါးကနေ ပြန်တက်လာရော" ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ 

ဖြိုးမြတ်အောင်က ဇူလိုင်(၉) ရက်နေ့က မိသားစုနဲ့ အတူတူ မွေးနေ့ အလှူလုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် မီဒီယာ အင်တာဗျူးတွေကိုလည်း ညီအစ်ကို နှစ်ယောက် အတူတူ ဖြေဆိုခဲ့တာ တွေ့ရပါတယ်။ သူဟာကိုဗစ်ကာလအတွင်းမှာ သူငယ်ချင်းတွေနဲ့အတူ သီချင်းအသစ်တွေ ဖန်တီးနေသလို ပရဟိတအလုပ်တွေ ဆက်တိုက်လုပ်နေတာ တွေ့ရပါတယ်။

ဖြိုးမြတ်အောင်ကိုတော့ Myanmar Idol Season 3 Winner တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ ဂီတခြေလှမ်းတွေကိုအသေးစိတ်မြင်တွေ့လာရတာဖြစ်ပါတယ်။ Myanmar Idol က နေရရှိလာတဲ့ ဆုငွေတွေကိုလည်းဖြိုးမြတ်အောင်က အလှူအတန်းတွေ အဆက်မပြတ် လုပ်ခဲ့တာကို တွေ့ရပါတယ်။ သူကတော့ အနုပညာအလုပ်အပြင် ပရဟိတအလုပ်တွေကိုပါ ဦးစားပေး လုပ်ကိုင်တတ်သလို ဘာသာရေး ကိုင်းရှိုင်းသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ ဖြိုးမြတ်အောင်ဟာ ပြိုင်ပွဲပြီးကတည်းက အလုပ်တွေ ရှုပ်နေတဲ့ အချိန်မှာတောင် ဘာသာရေးနဲ့ ပတ်သက်ပြီး ပုံမှန်လုပ်ဖြစ်နေတယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က