ထောင်ထဲမှာ နေခဲ့ရတဲ့အတွေ့အကြုံတွေက ပြောင်းလဲသွားစေတယ်။
Sabal Thwin

ဘုန်းလျှံဟာ အနုပညာအလုပ်တွေကို ပြန်လည် လုပ်ကိုင်သွားမှာဖြစ်ပြီး နောက်ထပ် အမှားတွေ ထပ်မဖြစ်စေရဘူးလို့ သူကပြောပါတယ်။ 

Photo: Bhone Hlan

သရုပ်ဆောင် ဘုန်းလျှံကတော့ ရိုးသားကြိုးစားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ဖို့ ကြိုးစားနေထိုင်သွားမယ်လို့ ဆိုပါတယ်။ သူကိုယ်တိုင်ကလည်း ထောင်ထဲကနေ ရလာတဲ့ အတွေ့အကြုံတွေနဲ့ အများကြီး ပြောင်းလဲလာခဲ့ပြီ လို့ Duwun ကို ပြောပြလာပါတယ်။ 

“ ရိုးသားကြိုးစားတဲ့ အနုပညာရှင်တစ်ယောက်ရဲ့ ဘဝကို အကြာကြီးပိုင်ဆိုင်နိုင်ရအောင် ထိန်းသိမ်းသွားမှာပါ။ စိတ်ချပါ အမှား ထပ်မဖြစ်ရလေအောင် အမြဲတမ်း သတိနဲ့ ယှဉ်ပြီးတော့ လျှောက်လှမ်းသွားမှာပါ။ ကိုယ်တွေ့ကြုံလာခဲ့ရတဲ့ အတွေ့အကြုံ၊ အခက်အခဲ၊ အတွေးအခေါ်၊ လွမ်းမော တမ်းတမှုတွေက ကိုယ့်ကို ပြောင်းလဲသွားစေတယ်။ ထောင်ထဲမှာ နေခဲ့ရတဲ့အချိန်တွေက သူများရဲ့စိတ်နဲ့ ကိုယ့်ရဲ့ခန္ဓာ နေနေရသလိုပဲဆိုတော့ အဲဒီအရာတွေက ကိုယ့်ကို အများကြီး ပြောင်းလဲသွားစေတယ်” ဆိုပြီးတော့ မေလ ၂၂ ရက်နေ့က ခန့်စည်သူရဲ့ အလှူမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Bhone Hlan

ဘုန်းလျှံဟာ အခုလက်ရှိမှာတော့ သရုပ်ဆောင် ခန့်စည်သူနဲ့အတူ ပရဟိတအလုပ်တွေ လုပ်ဆောင်နေတာ တွေ့ရပါတယ်။ အဲဒီနောက် အနုပညာလှုပ်ရှားမှုအဖြစ် အဆိုတော် ချယ်ရီသင်း၊ စစ်ဟိန်း၊ မိဖူး နှင့် Tommy Kyaw တို့က စုပေါင်းပြီး “ကမ္ဘာကြီး နေကောင်းပါစေ” ဆိုတဲ့ သီချင်းမှာလည်း ပါဝင်သီဆိုနေတာ တွေ့ရပါတယ်။ Covid ကာလပြီးသွားရင် ဝါသနာပါတဲ့ သရုပ်ဆောင်အလုပ်ကို ဆက်လက် လုပ်ကိုင်သွားမယ်လို့ ဆိုပါတယ်။

“ ကျွန်တော့်ကို အားပေးတဲ့ ပရိသတ်တွေရော၊ အားမပေးတဲ့ ပရိသတ်တွေရော အနုပညာအလုပ်တွေကို အကောင်းဆုံးနဲ့ ရိုးရိုးသားသား လုပ်ဆောင်သွားမှာပါ။ အခွင့်အရေးရရင် ရသလောက် ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေ ရိုက်သွားမှာပါ။ Covid ကာလပြီးသွားရင် ဇာတ်ကားတွေ ပြန်ရိုက်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် အများကြီး ပြင်ဆင်မှုတွေ လုပ်သွားမှာပါ။ အကောင်းဆုံး သရုပ်ဆောင် တစ်ယောက်အဖြစ် ရိုက်ကူးသွားမှာပါ” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Bhone Hlan

ဘုန်းလျှံဟာ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ဒဏ် (၁၂) နှစ်ကျခံရမှာ ဖြစ်ပေမယ့် အပြစ်ဒဏ်(၇)နှစ် ပေးဆပ်ပြီးနောက် ၂၀၂၀ခုနှစ်၊နှစ်ဆန်းတစ်ရက် နေ့မှာ နိုင်ငံတော်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။ ထောင်ထဲမှာ နှစ်အကြာကြီးနေခဲ့ရတဲ့ သူအတွက် ဘဝသင်ခန်းစာတွေ အများကြီးရခဲ့သလို အတွေ့အကြုံတွေလည်းအများကြီးရခဲ့တယ်လို့ သူက ဆိုပါတယ်။ ဘုန်းလျှံကိုတော့ ဗီဒီယိုဇာတ်ကားများစွာထဲမှာ ဒုတိယမင်းသားတစ်ယောက်အနေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က