သီချင်းဆိုတိုင်းလဲ ကရတာမှ မဟုတ်ပဲ။
Sabal Thwin

အဆိုတော် Key ဟာ သူ ဝါသနာပါတဲ့ ဂီတအလုပ်တွေကို ကိုယ်ပိုင်အိုင်ဒီယာနဲ့ပဲ ပရိသတ်ကို ဖျော်ဖြေပေးချင်တယ်လို့ ဆိုပါတယ်။ ဂီတနဲ့ပတ်သက်ပြီး သူ့ရဲ့ ဆုံးဖြတ်ချက်ကိုလည်း အခုလို ပြောပြထားပါသေးတယ်။

ပရိသတ်တွေနဲ့ ရင်းနှီးပြီးသား အဆိုတော်တစ်ဦးဖြစ်တဲ့ Key ကတော့ ဂီတနဲ့ပတ်သက်တဲ့ ခံစားချက်ကို ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ ဒါပေမယ့် သီချင်းဆိုနေရင်း ကပြတာမျိုးတော့ မလုပ်တတ်ဘူးလို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

‘’ ကျွန်တော်က ပါဖောမန့် လုပ်တဲ့အခါမှာ တူရိယာ တစ်ခုခုကိုင်ပြီးမှ လုပ်ချင်တာပေါ့နော်။ ဂစ်တာဆို ဂစ်တာ၊ ပီယာနိုဆို ပီယာနို အဲဒီလိုမျိုးဟာတွေကို ကျွန်တော်ပိုအားသန်တယ်။ အဲဒီပုံစံက ကျွန်တော်နဲ့ လိုက်ဖက်တယ်လို့လည်း ပိုမြင်တယ်။ ကတာကကျတော့ ကျွန်တော်နဲ့ ဘယ်လိုမှအဆင်မပြေဘူး။ အစကတော့ ကျွန်တော့်ကို ကခိုင်းတယ်၊ နောက်ပိုင်းကျတော့ အဆင်မပြေဘူးဆိုတာ သိသွားတော့ မကခိုင်းတော့ဘူး။ အခုတော့ ပီယာနို လေ့ကျင့်ဖို့လုပ်နေတယ်’’ လို့ သူကဆိုပါတယ်။

Photo: OSEN

Key ရဲ့ ပရိသတ်တွေဟာ မြန်မာနိုင်ငံမှာသာမက ကိုရီးယားနိုင်ငံမှာလည်း အားပေးသူတွေရှိပါတယ်။ ဒါပေမယ့် သူကိုယ်တိုင်က သူ့ဖြစ်ချင်တဲ့ ပုံစံ နဲ့ပဲ ပရိသတ်တွေကို ဖျော်ဖြေချင်တယ်လို့ ဇူလိုင်လ ၁၂ ရက်နေ့က “Music & Entertainment System Forum in Myanmar” ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။

‘’ ကျွန်တော်က ကျွန်တော်ပဲဗျ။ ကျွန်တော်မဟုတ်တဲ့ ပုံစံကို အတင်းကြီး လုပ်ယူနေလို့ရှိရင် ကြည့်တဲ့လူလည်း အဆင်မပြေဘူး၊ ကျွန်တော်ကိုယ်တိုင်လည်း အဆင်မပြေဘူး။ ကျွန်တော်မဟုတ်တဲ့ အရာကြီးကိုလည်း အတင်းကြီး ဇွတ်ဖန်တီးပြီးတော့ မထွက်ချင်ဘူး။ သီချင်းဆိုတိုင်းလဲ ကရမယ်လို့တော့ မဟုတ်ဘူးလေ။ အဲဒီတော့ ကျွန်တော် ရွေးချယ်ထားတဲ့လမ်းက မတူလို့ ဖြစ်ပါလိမ့်မယ်’’ လို့ ဆိုပါတယ်။

Photo: Key

လက်ရှိမှာတော့ Key ရဲ့ ဂီတ လှုပ်ရှားမှုတွေကို 1004 Entertainment ကနေတဆင့် မြင်တွေ့ရမှာဖြစ်ပါတယ်။ သူဟာ Galaxy Star သီချင်းဆိုပြိုင်ပွဲပြီးတဲ့နောက်မှာတော့ ဒီ Entertainment နဲ့ လက်တွဲပြီး အလုပ်လုပ်နေတာပါ။

‘’ အစပိုင်းတုန်းကတော့ အဆင်မပြေဘူး။ မပြေတာက သူတို့က ကျွန်တော့်ကို ဖြစ်စေချင်တယ်။ နောက်ပိုင်း ကျွန်တော်အဆင်မပြေတာတွေကို ပြောပြတယ်။ အခုတော့ အဆင်ပြေသွားပါပြီ’’ လို့ သဘောကျရယ်မောရင်း ဖြေဆိုခဲ့ပါသေးတယ်။

Photo: Key

Key ဟာ လက်ရှိမှာ 1004 Entertainment ကနေ လက်တွဲပြီး အလုပ်လုုပ်ကိုင်လျက်ရှိပါတယ်။ လူငယ်မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှု ကို ရရှိထားတဲ့ Key ဟာ သူ့ရဲ့ ပထမဆုံး အခွေဖြစ်တဲ့ KEY ဟာလည်း ပရိသတ်တွေကြား အောင်မြင်မှု ရရှိထားတဲ့ အခွေတစ်ခွေလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း သူ့ရဲ့ သီချင်း အသစ်တွေအတွက် ကြိုးစားပြင်ဆင်နေတာ တွေ့ရပါတယ်။


က္က