ဘာလေးတွေ ထူးခြားလာမလဲ။

ယွန်းဝတီလွင်မိုးလေးရဲ့ သားလေး Liam လေးကတော့ ဒီနေ့(သြဂုတ်လ၆ရက်)မှာ တစ်နှစ်တိတိပြည့်သွားပြီ ဖြစ်ပါတယ်။ တစ်နှစ်အတွင်း ပြောင်းလဲလာတဲ့ ပြောင်းလဲမှုလေးကိုလည်း ဘိုးဘိုး လွင်မိုးနဲ့ မေမေက ပြောပြထားပါသေးတယ်။

Photo : ယွန်းဝတီလွင်မိုး



ပရိသတ်တွေရဲ့ မျက်စိအောက်မှာတင် တဖြည်းဖြည်းနဲ့ ကြီးပြင်းလာခဲ့တဲ့ Liam လေးက သြဂုတ်လ (၆) ရက်နေ့မှာ တစ်နှစ်သား အရွယ်ကို ရောက်ရှိလို့ လာခဲ့ပါပြီ။ Liam လေးက တစ်နှစ်အတွင်း မှာ တော်တော်များများ ပြောင်းလဲမှုလေးတွေ ရှိနေပြီဖြစ်သလို အရမ်းချွဲတတ်နေပြီလို့ လွင်မိုးက ပြောပြပါသေးတယ်။

“အရမ်းချွဲတတ်လာတယ်။ အပြင်သွားခါနီးဆိုရင် တံခါးဝကို ကြည့်နေတာတို့ အိမ်က လူတစ်ယောက် ထွက်သွားရင် ငိုတာတို့ လုပ်တတ်လာတယ်။သိတော့သိလာပြီ” လို့ ဆိုပါတယ်။ လွင်မိုးလိုပဲ Liam လေးရဲ့ ပြောင်းလဲမှုတွေကို ယွန်းဝတီလွင်မိုးက မီဒီယာတွေကို ပြောပြခဲ့ဖူးပါသေးတယ်။ စကားလေးတွေ စပြောနေပြီလို့ ဆိုပါတယ်။

"သားလေးက စကားတော့ နည်းနည်းစပြောနေပြီ။ ဖေဖေမေမေလို့ ခေါ်မလား စောင့်နေတာ အဲ့လိုတော့ မခေါ်သေးဘူး။ ဒါပေမယ့် သူ့ကိုသူ သဲသဲဆိုပြီး ပြောတတ်နေပြီ" လို့ မီဒီယာတွေကို ပြောပြခဲ့ပါသေးတယ်။

Photo : ယွန်းဝတီလွင်မိုး

သမီးလေး နှစ်ယောက် မွေးခဲ့တဲ့ လွင်မိုးက မြေးလေး မွေးလာတဲ့အချိန်မှာ ယောကျ်ားလေး ဖြစ်ခဲ့လို့ အရမ်းကို ပျော်ခဲ့ရပါသေးတယ်။ Liam က တဖြည်းဖြည်းနဲ့ အဘိုးနဲ့တူလာတယ်လို့ ပြောကြတဲ့အပေါ် ကိုလည်း လွင်မိုးက အရမ်းပျော်ရတယ်လို့ ပြောပါတယ်။

“ကျွန်တော်က သမီးနှစ်ယောက်မွေးခဲ့တယ်။ ကျွန်တော်က ယောကျ်ားလေး လိုချင်ခဲ့တာလေ။ သမီးကျမှ  ယောကျ်ားလေး လာရတယ်။ ကျွန်တောနဲ့လည်းတူတော့ အရမ်းကို ဝမ်းသာရတယ်။ ပျော်လည်းပျော်တယ် ။ကျွန်တော်နဲ့ မျက်နှာပေါက်လေး တူတယ်။ခန္ဓာကိုယ် ကြီးမယ့် အမျိုးအစား ရှိမယ်။အန်ကယ်လိုပဲ ခန္ဓာကိုယ် ကြီးမယ့်အမျိုး အစားရှိတယ်။” လို့ ဆိုပါတယ်။

Photo : လွင်မိုး

Liam လေးရဲ့ မိဘတွေဖြစ်တဲ့ ထက်ဦးလှိုင်နဲ့ ယွန်းဝတီလွင်မိုးတို့ဟာ သြစတြေးလျမှာ ပညာသင်ယူနေတာ ဖြစ်ပါတယ်။ ကျောင်းပိတ်ရက်တွေမှာ မြန်မာနိုင်ငံပြန်လာပြီး သားလေးကို အချိန်ပေးဖြစ်နေသလို နိုင်ငံခြားမှာ ရှိတဲ့အချိန်တွေမှာလည်း သားလေးနဲ့ နေ့တိုင်း Video Call ပြောဖြစ်တယ်လို့  လွင်မိုးက ဆိုပါတယ်။ မိဘတွေက ပညာသင်နေတာကြောင့် Liam လေးကို ဘိုးဘိုးဘွားဘွားတွေက အနီးကပ် စောင့်ရှောက်ပေးလို့ နေပါတယ်။ 

ဘိုးဘိုးလွင်မိုးကတော့ Liam လေးကို အနီးကပ် စောင့်ရှောက်ပေးနေပြီး မြေးလေးကို ဗုဒ္ဓဘာသာကိုင်းရှိုင်းတဲ့မြေးလေးတစ်ယောက် ဖြစ်စေချင်သလို မြေးလေးအပေါ် သူ့ရဲ့မျှော်လင့်ချက်လေးတွေကိုလည်း ပြောပြခဲ့ပါတယ်။

“၁ကတော့ လိမ္မာရေးခြားရှိတဲ့ ကလေးဖြစ်စေချင်တယ်။ ၂ကတော့ ဗုဒ္ဓဘာသာကို ကိုင်းရှိုင်းတဲ့ ကလေးဖြစ်ရမယ်။၃ကတော့ ပညာတက်ဖြစ်ရမှာပေ့ါ။ ၄က အဘိုးအဘွားတွေကို ကြည့်ရှုစောင့်ရှောက်နိုင်တဲ့ သားကောင်းတစ်ယောက်ဖြစ်ရမယ်။ အဲဒါလေးတွေကတော့ မြေးလေးအပေါ်မှာ ကျွန်တော်မျှော်လင့်ထားတာလေးတွေပေ့ါ” ဆိုပြီး Liam ပေါ် ထားတဲ့ မျှော်လင့်ချက်လေးကို ပြောပြခဲ့တာပါ။

ဒီနေ့မှာ ဘိုးဘိုးဘွားဘွားတို့က Liam ရဲ့ တစ်နှစ်ပြည့် မွေးနေ့အတွက်  မွေးနေ့ အလှူ လေး တွေ ပြုလုပ်ပေးခဲ့ပါသေးတယ်။ 

“တစ်နှစ်ပြည့် မွေးနေ့အတွက် မဟာဂန္ဓာရုံကျောင်းမှာ မနက်က တရားနာ ဆွမ်းကျွေး လုပ်ပေးတယ်။ ကျောင်းတွင်း ငွေလှူတယ်။သမီးက ပြန်သွားပြီဆိုတော့ ကျွန်တော်တို့နဲ့ပဲ မွေးနေ့အလှူ လုပ်ဖြစ်တယ်။ ဒီနှစ်မွေးနေ့လေးမှာ သားလေးအတွက်ကတော့ ကုသိုလ်ကောင်းမှုတွေ လုပ်ပေးဖြစ်တယ်။ ဒီနှစ်တော့ တရားနာရတယ်။ ဘုန်းကြီးတွေ ရှေ့မှာ ကလေးဆိုတော့ မသိတတ်သေးဘူး။ ပထမဆုံး သူ့ရဲ့ အတွေ့အကြုံပေ့ါ” ဆိုပြီး လွင်မိုးက Duwun Media ကို ပြောပါတယ်။

Photo : ယွန်းဝတီလွင်မိုး

ယွန်းဝတီလွင်မိုးတို့ဟာ သရုပ်ဆောင် လွင်မိုးရဲ့သမီးဖြစ်ပြီး ကြောငြာအချို့မှာလည်း ပါဝင်ထားသူပါ။ ချစ်ဖို့ကောင်းပြီး လှပတဲ့အတွက် ငယ်ငယ်ကတည်းက ပရိသတ်တွေရဲ့ မေတ္တာကို ရရှိထားသူလေးလည်း ဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ်အောက်တိုဘာထဲမှာ  အသက်(၂၀) ပြည့်ခဲ့တဲ့ ယွန်ဝတီလွင်မိုးဟာ ချစ်သူဖြစ်သူ ထက်ဦးလှိုင်နဲ့ ၂၀၁၈ခုနှစ် ဇန်နဝါရီ (၄) ရက်နေ့က Melia Hotel မှာ မင်္ဂလာမော်ကွန်းတင် လက်မှတ်ရေးထိုးခဲ့ပြီး ညနေပိုင်းမှာ မင်္ဂလာညစာစားပွဲ ပြုလုပ်ခဲ့ပါတယ်။

ယွန်းဝတီလွင်မိုးဟာ Liam လေးကို ၂၀၁၈ခုနှစ် သြဂုတ်လ(၆) ရက်နေ့ ညနေ(၅)နာရီက သြစတြေးလျ နိုင်ငံ ၊ မဲလ်ဘုန်းမြို့မှာ ရှိတဲ့ Saint Vincent ဆေးရုံးမှာ မွေးဖွားခဲ့တာပါ။ သားလေးမွေးမွေးချင်းက (၇)ပေါင်နဲ့ (၅)အောင်စရှိခဲ့ပါတယ်။ Liam လေးရဲ့ နာမည်ကိုတော့ အဖေနဲ့အမေတို့ရဲ့ နာမည်လေးပါအောင် လွင်ထက်လို့ မှည့်ထားပါသေးတယ်။ အားလုံးရဲ့ ချစ်ခြင်းကို ရရှိထားတဲ့ လွင်မိုးရဲ့ သမီးယွန်းဝတီလွင်မိုးရဲ့ သားလေးကို ပရိသတ်တွေအားလုံးကလည်း ဝိုင်းဝန်း ချစ်ခင်ကြတာ တွေ့ရပါတယ်။

Share

Loading Next Article...
က္က