ချစ်သူထားခဲ့တာကလည်း ကိုဖြိုးလေးနဲ့ အကြာဆုံးပဲ။

ဝါဆိုမိုးဦးဟာ သူထားခဲ့ဖူးတဲ့ ချစ်သူတွေထဲမှာမှ ဖြိုးလေးကိုပဲ ပထမဆုံးအကြိမ် အစ်ကိုတစ်ယောက်လို သဘောထားရင်း ကန်တော့ခဲ့တာလို့ဆိုပါတယ်။ ချစ်သူဆိုတာထက် မိသားစုဝင်တစ်ယောက်လို သဘောထားတယ်။ 

photo: War So Moe Oo



ဝါဆိုမိုးဦးက ချစ်သူဖြစ်တဲ့ ဖြိုးလေးကို သီတင်းကျွတ်ကာလမှာ ကန်တော့ဖြစ်ခဲ့တဲ့ အမှတ်တရတွေ ပြောလာပါတယ်။ ဖြိုးလေးကို ကန်တော့တယ်ဆိုတဲ့အခါမှာလည်း ဝေဖန်မှုတွေရှိခဲ့တဲ့အပေါ် Duwun Media ကနေ ပြောပြခဲ့ပြန်ပါသေးတယ်။


‘’တချို့က အယူအဆနဲ့ပတ်သက်ပြီး ပြောစရာမရှိ ကြံဖန်ပြောတဲ့သူတွေလည်းရှိတယ်။ ယောက်ျားမှ ကန်တော့ရတာတို့ ဘာတို့တွေ အဆိုရှိတယ်။ ဝါဆိုကန်တော့တာက ကိုဖြိုးလေးက ၉ နှစ်ကြီးတယ်။ အစ်ကိုအရွယ်ပဲ။ မိသားစုကို ကန်တော့ပြီး သူ့ကို မကန်တော့ရင် အဆင်မပြေဘူး။ ကိုယ်က ဗုဒ္ဓဘာသာဝင်ဆိုတော့ ကိုယ့်ထက် တစ်မိနစ်၊ တစ်စက္ကန့်ကြီးတဲ့သူကိုတောင် ရိုသေရတယ်ဆိုတာမျိုးရှိတယ်။ ချစ်သူဆိုတာထက် ကိုယ့်မိသားစုဝင် အစ်ကို တစ်ယောက်လို ကန်တော့ခဲ့တာပါ’’ လို့ သူကဆိုပါတယ်။

photo: War So Moe Oo

ဝါဆိုမိုးဦးဟာ ထားခဲ့ဖူးတဲ့ ချစ်သူရည်းစားတွေထဲမှာ ဖြိုးလေးကိုပဲ ကန်တော့ဖူးတယ်လို့ ဆိုပါတယ်။ ဖခင်ဖြစ်သူကလွဲလို့ တခြားယောက်ျားလေးတွေကိုလည်း မကန်တော့ဖူးဘူးလို့ သူကပြောပါတယ်။ 

‘’ ဘယ်ယောက်ျားလေးကိုမှ မကန်တော့ဖူးဘူး။ ရည်းစားရှိတာထက် ကိုဖြိုးလေးနဲ့ပဲ တွဲတာကြာတယ်။ ကျန်တဲ့ရည်းစားတွေတုန်းကတော့ ၁ နှစ်၊ ၈ လ လောက်နဲ့ ပြတ်ခဲ့တာတွေချည်းပဲ။ ရည်းစားလည်း သိပ်မထားဖြစ်ဘူး။ အီစီကလီတွေကတော့ ရှိတာပေါ့။ တရားဝင်မထားဖြစ်တော့ ဒီလိုမျိုးတွေ မလုပ်ဖြစ်ဘူး။ ကိုဖြိုးလေးက ကိုယ့်ထက်လည်းအသက် အများကြီး ကြီးတော့ ကိုယ့်ရဲ့ အစ်ကို တစ်ယောက်လိုလည်း ဖြစ်ပါတယ်’’ ဆိုပြီးတော့ နိုဝင်ဘာလ ၁ ရက်နေ့က ဟော့ပေါ့ဆိုင်သစ် ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

photo: War So Moe Oo

ဖြိုးလေး ဟာ သူမထက် အသက်အရွယ် ၉ နှစ်ကြီးတာကြောင့်လည်း အစ်ကိုတစ်ယောက်လို ဆုံးမ သင့်တဲ့နေရာတွေမှာ ဆုံးမလေ့ရှိတယ်လို့ ဝါဆိုမိုးဦးက ပြောပါတယ်။ 

‘’ သူ့ဘက်က သွန်သင်တာမျိုးတွေတော့ရှိပါတယ်။ ယောက်ျားလေးတစ်ယောက်ဆို ပြီးတော့ပေါက်ပေါက်ရှာရှာလိုက်ပြီးပြောတာမျိုးတော့ မရှိပါဘူး။ ဝါဆိုကိုယ်တိုင်ကလည်း ခေတ်လူငယ်တစ်ယောက်ဖြစ်ပေမယ့် လူကြီးလို နေတာများတယ်။ အဲဒါကြောင့် ဝါဆို့ကိုလည်း ထွေထွေထူးထူးပြောစရာမရှိဘူး။ အလုပ်နဲ့ ပတ်သက်လာရင်လည်း ကိုဖြိုးလေးက သေချာ ပြောပြပေးတယ်’’ လို့ ဆိုပါတယ်။ 

photo: War So Moe Oo

ဖြိုးလေးနဲ့ ဝါဆိုမိုးဦးတို့ဟာ ချစ်သူသက်တမ်း(၃)နှစ်ကျော်ကို ရောက်ရှိလာခဲ့ပါပြီ။ ဒီ ၃ နှစ်အတွင်းမှာလည်း တစ်ယောက်နဲ့ တစ်ယောက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပါပဲတဲ့။ လက်ရှိမှာတော့ ဖြိုးလေးက သီချင်းအသစ်တွေ ဖန်တီးနေတာဖြစ်ပါတယ်။ ဝါဆိုမိုးဦးကတော့ စီးပွားရေးဘက်မှာ ပိုပြီး အာရုံစိုက်နေတာကို တွေ့ရပါတယ်။ ဖြိုးလေးရဲ့ အသစ်ထွက်ရှိထားတဲ့ ‘’ဘာတွေဖြစ်’’ တစ်ကိုယ်တော်အခွေမှာလည်း ဝါဆိုမိုးဦးက စုံတွဲသီချင်းတစ်ပုဒ် ပါဝင်သီဆိုပေးထားတယ်လို့ ဆိုပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က