ထိုင်း စကားသင်ချင်တယ်လို့ပြောပါတယ်။
Sabal Thwin

အုပ်စိုးခန့်ကတော့ ထိုင်းစကား သင်ချင်တဲ့ သူ့ရဲ့ ဆန္ဒကို ဖွင့်ပြောပြလာပါတယ်။ ဒါကတော့ ထိုင်းမီဒီယာမှာ ဖော်ပြခံရလို့ မဟုတ်ဘူးလို့လည်း သူကဆိုပါတယ်။

အုပ်စိုးခန့်ကတော့ မြန်မာနိုင်ငံက ပရိသတ်တွေသာမက ထိုင်းနိုင်ငံက ပရိသတ်တွေရဲ့အချစ်ကိုလည်း ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ အခုဆိုရင်တော့ ထိုင်း ဘာသာစကားကိုလည်း လေ့လာသင်ကြားဖို့ ဆန္ဒရှိနေတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

‘’ နောက်ပိုင်းကျရင် ထိုင်းဘာသာ အပြင် တစ်ခြားနိုင်ငံခြားဘာသာတွေ တက်ထားတာပိုအဆင်ပြေတယ်လေ။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့ ရှေ့ရေးအတွက် ကောင်းတယ်လေ။ ထိုင်း မီဒီယာက ကျွန်တော့် သတင်းတွေတက်လို့ ထိုင်းစာသင်တာ မဟုတ်ဘူး။ အစကတည်းက ထိုင်းစာ သင်ချင်တာ။ ကျွန်တော့်အသက် ၁၀ နှစ် ၁၂ နှစ်လောက်ကတည်းက ဘန်ကောက်ကို သွားလည်နေကြ။ အခုကျတော့ အလုပ်ကိစ္စနဲ့ မဂ္ဂဇင်းတု့ိဘာတို့ဆို ထိုင်းမှာ သွားရိုက်တာတွေရှိတယ်ပေါ့နော်။ အဲဒီမှာ ကိုယ်သာနားမလည်တာ သင်ချင်တဲ့စိတ်တော့ ပေါ်တယ်’’ လို့ သူကဆိုပါတယ်။

ထိုင်း စကားကို လေ့လာဖို့ အချိန်ယူနေတာကတော့ တော်တော်ကြာပြီလို့ အုပ်စိုးခန့်က ပြောပါတယ်။ ခက်ခဲမယ်ဆိုတာလည်း သိတယ်လို့ အောက်တိုဘာလ ၅ ရက်နေ့ညက ပတ္တမြားFM ၁၀နှစ်ပြည့်ပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။ 

‘’ သင်ဖို့ အခက်အခဲကလည်းရှိတာပေါ့။ ဘာမဆို လွယ်လွယ်နဲ့တော့ မရဘူးလေ။ ကျွန်တော် English စာ စစချင်းသင်တုန်းကဆိုရင် ကိုယ်က နားမယောင်သေးတော့ ခက်ခဲ့တယ်ပေါ့နော်။ နောက်ဆုံး အင်္ဂလိပ်လိုလည်း ပြောတတ်သွားတဲ့အချိန်မှာ လွယ်သွားတယ်။ ဒါလည်း အဲဒီတုန်းကလိုပဲ ဖြစ်မှာပေါ့နော်။ ကိုယ်ကြိုးစားရင် ကြိုးစားသလောက်ပေါ့နော်’’ လို့ သူကဆိုပါတယ်။

အုပ်စိုးခန့်က မကြာခင်မှာ သရုပ်ဆောင် မိုရီဆာကီဝင်း၊ နေခြည်ဦး တို့နဲ့ အတူ ‘’အိပ်မက်တွေမိုးထားတဲ့ အိမ်’’ ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲလေးကို ရိုက်ကူးရတော့မှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲကိုတော့ 7 Sense ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်တာဖြစ်ပြီး ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ရိုက်ကူးသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ မိုရီဆာကီဝင်း၊ ချမ်းမင်းရဲထွဋ်၊ အောင်လေး၊ အုပ်စိုးခန့်၊ ညီနန္ဒ၊ နေခြည်ဦး၊ မေနွယ်ထွန်း၊ ရွှေရင်အေး၊ သဲနန္ဒာစိုး၊ ဝမ်ဝမ်း နဲ့ ကေညီတို့က အဓိက ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

အုပ်စိုးခန့်ကိုတော့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ သီချင်းတွေ သီဆိုရင်းက တဆင့် ပရိသတ်တွေအားပေးမှုကို ရရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် ကိုယ်ပိုင်သီချင်းများစွာလည်း သီဆိုခဲ့ဖူးသူပါ။ ပရိသတ်တွေ ပိုပြီးသတိထားမိစေခဲ့တာကတော့ သရုပ်ဆောင် ယွန်းယွန်းနဲ့ရိုက်ကူးထားတဲ့ ‘’တန်ခူးမေ’’ ဆိုတဲ့ သီချင်းလေးကိုလည်း ပရိသတ်တွေအများကြီး အားပေးခဲ့ပါသေးတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ တစ်ကိုယ်တော်အခွေဖြစ်တဲ့ ‘’ချစ်နေပြီ’’ ဆိုတဲ့ Album လေးကလည်း အောင်မြင်မှုတွေ အများကြီးရရှိခဲ့ပါသေးတယ်။




ဆက်စပ်အကြောင်းအရာများ


က္က