အိမ်ဆိုင်လေး ဖွင့်ပေးခဲ့ပါတယ်။

ဒေါ်နန်းခမ်းဝါ ကတော့ ပရဟိတ မင်းသမီးချောလေး ခိုင်နှင်းဝေရဲ့ အလှူကြောင့် ဝမ်းသာပီတိ မျက်ရည်ကျခဲ့ရတယ်လို့ ဆိုပါတယ်။ သူဟာ လက်ရှိမှာ မြေးတွေ၊ မုဆိုးမဖြစ်နေတဲ့ ချွေးမကို လုပ်ကျွေးနေတဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ သူကိုယ်တိုင်ကလည်း ခင်ပွန်းသည်မရှိတော့တဲ့ မုဆိုးမတစ်ယောက်ဖြစ်ပါတယ်။

သရုပ်ဆောင် ခိုင်နှင်းဝေကတော့ သန်လျင်မှာနေထိုင်တဲ့ ဇာတ်ပို့သရုပ်ဆောင် အမေဒေါ်နန်းခမ်းဝါ ကို အောက်တိုဘာလ ၃ ရက်နေ့က ကိုယ်ပိုင်အိမ်ဆိုင်လေး ဖွင့်ပေးခဲ့တယ်လို့ဆိုပါတယ်။ ခိုင်နှင်းဝေရဲ့ အလှူကြောင့်လည်း အံ့သြဝမ်းသာမဆုံးဖြစ်ခဲ့ရတယ်လို့ ဒေါ်နန်းခမ်းဝါက ပြောပါတယ်။



‘’ အရမ်းဝမ်းသာတာပေါ့။ မမျှော်လင့်ထားဘူးလေ။ သမီးဆိုတာကလည်း အနုပညာ သားအမိဆိုပေမယ့် ဘာမှ မတော်စပ်တဲ့သူပါ။ ဒါပေမယ့် အမေ့အပေါ် ဂရုတစိုက်လုပ်ပေးလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ လုုပ်ပေးရင်လည်း သမ္မံကာလျှံကာပေါ့။ ဝတ္တရားကျေသလိုလောက်ပဲ လုပ်ပေးလိမ့်မယ်လို့ ထင်ထားခဲ့တာ။ သမီးကို အထင်သေးတာတော့ မဟုတ်ပါဘူး။အခုကျတော့ ကိုယ်ထင်ထားတာထက်ကို အဆမတန် အဆပေါင်းများစွာ ကူညီလာခဲ့တာဆိုတော့ ဝမ်းသာ ဝမ်းနည်းပေါ့ ပီတိမျက်ရည်ပေါ့နော်’’ လို့ သူကဆိုပါတယ်။

အဲဒီနောက် ခိုင်နှင်းဝေ ကိုယ်တိုင်ကလည်း ဒေါ်နန်းခမ်းဝါရဲ့ ဆန္ဒအရ အအေး၊ လက်ဖက်သုပ်၊ ဂျင်းသုပ် စသည်ဖြင့်ရောင်းချလို့ရအောင် အစစအရာရာ စီစဉ်ပေးဖြစ်ခဲ့တဲ့ အမှတ်တရတွေကိုလည်း ပြောပြလာပါတယ်။

‘’ အမေက အအေးတွေဘာတွေ၊ ဂျင်းသုပ်၊ လက်ဖက်သုပ်တို့ အိမ်ဆိုင်လေးပေါ့နော်။ ရာသီဥတုလည်း ပူတယ်ဆိုတော့ အအေးလည်းရောင်းချင်တယ်၊ ရေခဲသုပ်တို့ဘာတို့လည်း ရောင်းချင်တယ်ဆိုတော့ ပစ္စည်းတွေဘာတွေ ဝယ်ဖို့ ခေါင်းမစားနဲ့တော့ဆိုပြီးတော့ ကိုယ့်ဘာသာကိုယ်ဝယ်လာပြီးတော့ အမေ့ကို အကုန်လုံး ချက်ချင်းရောင်းလို့ရအောင် စီစဉ်လာခဲ့မယ်ဆိုပြီးတော့ စီစဉ်ဖြစ်တယ်။ ထီးတွေဘာတွေလည်း ဝယ်လာရင် ကျဉ်းနေတာ၊ ကျယ်နေမှာ စိုးတာနဲ့ အမေ့ဘာသာပဲ ထီး စီစဉ်လိုက်တော့ ဆိုပြီးတော့ အခုလို ကူညီပေးဖြစ်ပါတယ်’’ ဆိုပြီးတော့ အောက်တိုဘာလ ၃ ရက်နေ့ မနက်ပိုင်းက ခိုင်နှင်းဝေရဲ့ အလှူမှာ ဖြေဆိုခဲ့တာပါ။

အဲဒီနောက် အမေဒေါ်နန်းခမ်းဝါရဲ့ ဘဝရပ်တည်မှုကိုလည်း ရင်ဖွင့်ပြောပြခဲ့ပါတယ်။ ဇာတ်ကားရိုက်တာ အရမ်းနည်းသွားတာကြောင့်လည်း အခက်အခဲတွေ များခဲ့တယ်လို့ ဆိုပါတယ်။

‘’အမေက ဒီနှစ်ထဲမှာ ဇာတ်ကားရိုက်တွေလည်း ကျဲတယ်။ အမေတို့ ဇာတ်ပို့သရုပ်ဆောင်အနေနဲ့ အနုပညာလောက က သိတဲ့အတိုင်းပဲ အဆင်မပြေကြဘူး။ သမီးလေးကလည်း အမေ့ရဲ့ အင်တာဗျူးကိုကြည့်လိုက်တော့ စိတ်မကောင်းဘူးတဲ့။ အမေ မုဆိုးမ တစ်လလောက်ဖြစ်နေတာရယ်၊ မြေးလေးတွေကို လုပ်ကျွေးနေရတာရယ်၊ ချွေးမလေးကလည်း မုဆိုးမ ဖြစ်နေတာရယ်ဆိုတော့ အမေ ဘာလုပ်ချင်လဲ မေးတယ်။ အမေလုပ်ချင်တာကို သမီးဖြည့်ဆည်းပေးချင်တယ် ဆိုတာနဲ့ အခုလို လုပ်ပေးတာပါ။ သမီးလေးရဲ့ မေတ္တာစေတနာကို အမေက အလေးထားသောအားဖြင့် ဆိုင်နာမည်လေးကို သမီးလေးရဲ့ မေတ္တာရိပ် ဆိုပြီးတော့ နာမည်ပေးလိုက်ပါမယ်။’’ လို့ သူကဆိုပါတယ်။

ခိုင်နှင်းဝေကတော့ မိသားစု စားဝတ်နေရေး အခက်အခဲကြုံနေရတဲ့ အနုပညာရှင်တွေကို ထောက်ပံ့ပေးနေတဲ့ ပရဟိတ မင်းသမီးချောလေးတစ်ယောက်ဖြစ်ပါတယ်။ ဒေါ်နန်းခမ်းဝါ ကိုတော့ ပရိသတ်တွေက ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားတွေ၊ ရုပ်သံဇာတ်လမ်းတိုတွေကနေတဆင့် စတင်သိရှိခဲ့တာဖြစ်ပါတယ်။ များသောအားဖြင့် မင်းသားမင်းသမီးတွေ အိမ်က အိမ်ဖော်ကာရိုက်တာ၊ အဒေါ်ကာရိုက်တာ၊ အတင်းတုပ် စပ်စု တတ်သူ ကာရိုက်တာ တွေဟာ ပရိသတ်ကို သတိထားမိစေခဲ့သူဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က