မုန့်ဟင်းခါး ဆိုင်ဖွင့်ဖို့အတွက် လိုအပ်တာတွေ ကူညီခဲ့တာပါ။

ပရဟိတမင်းသမီး ခိုင်နှင်းဝေက သရုပ်ဆောင် ရဲလေးမရဲ့ စိတ်ကူးအိပ်မက်လေးတွေကို အကောင်အထည်ဖော်ပေးလိုက်ပါတယ်။ မုန့်ဟင်းခါးဆိုင် ဖွင့်ချင်တဲ့ ရဲလေးမအတွက် လိုအပ်တာတွေ အားလုံးကို ပံ့ပိုးပေးခဲ့တာပါ။

 

ခိုင်နှင်းဝေက ဒီနေ့(ဇူလိုင် ၂၈ရက်)မှာ သရုပ်ဆောင် ရဲလေးမတို့ နေထိုင်တဲ့ ရပ်ကွက်ထဲမှာ အလှူတစ်ခု ပြုလုပ်ခဲ့တာပါ။ အလှူပြုလုပ်ရင်းနဲ့ ရဲလေးမအတွက် Surprise လေးတစ်ခု ပြုုလပ်ပေးခဲ့တာ တွေ့ရပါတယ်။မုန့်ဟင်းခါးဆိုင် ဖွင့်ချင်တဲ့ ရဲလေးမအတွက် ဆိုင်တစ်ဆိုင်စာ လိုအပ်တာတွေ အားလုံးကို ပံ့ပိုးပေးခဲ့တာ ဖြစ်ပါတယ်။



“အကို လုံးဝ မထင်ထားဘူး။ အလှူလာလုပ်မယ်လို့ပဲ ထင်ထားခဲ့တာလေ။ လမ်းထိပ်မှာ ဆိုင်လေးဖွင့်ချင်ခဲ့တာ ကြာပြီ။ အရင်းအနှီးကလည်း မရှိဘူးလေ။ အကိုတို့ မိသားစုမှာလည်း အကို့ အကိုက လတ်တလော ကျန်းမာရေးမကောင်းဘူး။ ဆီးချိုကြောင့် ခြေထောက်ဖြတ်ရမယ်လေ။ ဆေးရုံတင်ထားရတော့ အကို့ စိတ်ကူးလေးတွေလည်း အကောင်အထည်မဖော်နိုင်သေးဘူး ဖြစ်နေတာ။ အခုလို အမက surprise လုပ်ပေးတာ လုံးဝကို မထင်ထားဘူး။ မျှော်လည်းမမျှော်လင့်ထားဘူးလေ။ အခုလို လုပ်ပေးတဲ့အတွက် အရမ်းကို ဝမ်းသာဝမ်းနည်း ဖြစ်ခဲ့ရတယ်”လို့ Duwun Media ကို ရဲလေးမက ပြောပြခဲ့ပါတယ်။

ရဲလေးမရဲ့ စိတ်ကူးအိပ်မက်လေးတွေကို အကောင်အထည်ဖော်ပေးနိုင်ခဲ့တဲ့ မခိုင်နှင်းဝေကလည်း သူ့ရဲ့ ရင်တွင်းပီတိစကားသံလေးကိုလည်း ယခုလို ပြောပြခဲ့ပါသေးတယ်။

“သူက လမ်းထိပ်မှာဆိုင်ဖွင့်ချင်နေတာ ကြာပြီဆိုတော့လေ သူ့ရဲ့ အိပ်မက်လေး အကောင်အထည်ဖော်သွားအောင် ဝိုင်းပြီး ကူညီပေးလိုက်တာပါ။ အများကြီး မလှူနိုင်ပေမယ့် သူ့ရဲ့ အိပ်မက်လေး တစ်ထောင့်တစ်နေရာကနေ ပါဝင်ဖြည့်ဆည်းခွင့်ရတယ်ဆိုရင်ပဲ အများကြီး ဝမ်းသာမိပါတယ်” လို့ သူမက ဆိုပါတယ်။

သရုပ်ဆောင် ခိုင်နှင်းဝေဟာ ဒီနေ့မှာ ရဲလေးမကိုယ်တိုင် ချက်တဲ့ မုန့်ဟင်းခါးကို ဝယ်ယူပြီး ရဲလေးမရဲ့ ရပ်ကွက်ထဲမှာ အလှူပြန်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီအတွက်လည်း သရုပ်ဆောင်ရဲလေးမက အရမ်းကို ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။ သူတို့ရဲ့အလှူလေးကို ကြည့်ပြီး ပရိသတ်တွေလည်း ပျော်ရွှင်လို့နေကြပါတယ်။

ဇာတ်ပို့သရုပ်ဆောင်တစ်ဦးအဖြစ် ပရိသတ်တွေရဲ့ အားပေးမှု ရရှိထားတဲ့ သရုပ်ဆောင်ရဲလေးမဟာ သူ့ရဲ့ ဝင်ငွေနဲ့ မိသားစု တစ်စုလုံးကို လုပ်ကိုင်ကျွေး မွေးနေသူ တစ်ဦးပါ။ မိသားစု (၈) ယောက်ကို သူ့ရဲ့ ဝင်ငွေလေးနဲ့ ကြည့်ရှုနေရပေမယ့်လည်း ဒါတွေကို အပူကြီးတစ်ခုလို မသတ်မှတ်ဘူးလို့ အင်တာဗျူးတွေမှာ ပြောပြခဲ့ဖူးပါတယ်။

ရဲလေးမကိုတော့ ဇာတ်ပို့ဇာတ်ရံတစ်ဦးအဖြစ် ပရိသတ်တွေ သတိထားမိမှာပါ။ ချစ်စရာကောင်းတဲ့ အခြောက်ဇာတ်ရုပ်တွေ ပီပြင်လွန်းတာ ကြောင့်လည်း ပရိသတ်အချစ်ကို ရရှိပိုင်ဆိုင်နေတာဖြစ်ပါတယ်။ သူ့အနေနဲ့ ဗီဒီယိုဇာတ်ကား ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က