ထိုင်းအေဂျင်စီတစ်ခုနဲ့ လက်တွဲပြီး အလုပ်လုပ်ကိုင်နေတာပါ။

Eve(ခ)ဧဝရက်မိုးက ထိုုင်းကုမ္ပဏီတစ်ခုနဲ့ စာချုပ်ချုုပ်ဆိုပြီး ဇာတ်လမ်းတွဲတွေ ရိုက်ကူးလို့နေပါပြီ။ လက်ရှိမှာ ဇာတ်လမ်းတွဲ တစ်ခု ရိုက်ကူးပြီးစီးခဲ့ပြီဖြစ်ပြီး နောက်ထပ်လည်း အနုပညာအလုပ်တွေ အများကြီးလုပ်သွားဖို့ ရှိတယ်လို့ဆိုပါတယ်။

ငယ်စဉ်ကတည်းက အနုပညာကို ဝါသနာပါခဲ့ပြီး မင်းသားဖြစ်ချင်ခဲ့တဲ့ Eve ကတော့ အခု အသက် ၂၁ နှစ်အရွယ်မှာ သူ့ရဲ့ အိပ်မက်စိတ်ကူးတွေနဲ့ လက်တွေ့ဘဝထပ်တူကျလို့ နေခဲ့ပါပြီ။ မြန်မာနိုင်ငံမှာ ၂၀၁၆ခုနှစ်ကစပြီး အနုပညာအလုပ်တွေ စတင်လုပ်ကိုင်ခဲ့တဲ့ Eve က ၂၀၁၉ခုနှစ်မှာ ထိုင်းနိုင်ငံအခြေစိုက် အေဂျင်စီကုမ္ပဏီ တစ်ခုဖြစ်တဲ့ GMM Grammy နဲ့ လက်တွဲပြီး အလုပ်လုပ်ကိုင်ခွင့်ရရှိခဲ့ပါပြီ။ ထိုင်းနိုင်ငံမှာ အခြားသော နိုင်ငံက နာမည်ကြီး သရုပ်ဆောင်တွေနဲ့ အတူ ဇာတ်လမ်းတွေ ရိုက်ကူးခွင့် ရရှိဖို့က Eve အတွက် လွယ်ကူခဲ့တာတော့ မဟုတ်ပါဘူး။



“လက်ရှိမှာ ထိုင်းက Agency တစ်ခုဖြစ်တဲ့ GMM နဲ့အတူ စာချုပ်ချုပ်ပြီးတော့ အနုပညာလုပ်ငန်းများ လုပ်ကိုင်နေတယ်။ ရှေ့လျှောက်လည်း GMM နဲ့အတူ လက်တွဲပြီး အလုပ်တွေ လုပ်သွားမယ်။ ကျွန်တော် ၂၀၁၈ ခုနှစ် ဇူလိုင်လ(၁၅) ရက်နေ့မှာ လူရွေးပွဲလာလုပ်တယ်။ ဖေ့စ်ဘွတ်ကနေ သိပြီး သွားပြိုင်တယ်။ အဆင့်ဆင့် အများကြီး ပြိုင်ရတယ်။ သီချင်းဆိုရတယ်။ သရုပ်ဆောင်ပြရတယ်။ အဲဒါတွေ အဆင့်ဆင့်ပြိုင်ပြီးမှ ကျွန်တော်ရွေးချယ်ခံရတယ်။ အဲဒါပြီးတော့ ထိုင်းမှာ စက်တင်ဘာ (၂၄) ရက်နေ့မှာ ထပ်သွားပြိုင်ရတယ်။ ပြိုင်ရတော့ အသံပိုင်း သရုပ်ဆောင်တွေ ထပ်စစ်တယ်။ လွယ်လွယ်နဲ့တော့ မရခဲ့ပါဘူး။ အရမ်းကြိုးစားခဲ့ရတယ်” လို့ Eve က Duwun Media ကို ပြောပါတယ်။

ကိုရီးယားမင်းသားတစ်ယောက်လို ချောမောတဲ့ Eve ဟာ ၂၀၁၇ခုနှစ် မြန်မာ့ ရုပ်ရှင်ထူး ချွန်ဆု ပေးပွဲကြီးမှာ ရွှေကြို အဖြစ်ပါဝင်ခဲ့သလို မြန်မာနိုင်ငံမှာ ဇာတ်ကားတွေလည်း ရိုက်ကူးခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း GMM နဲ့ လက်တွဲပြီး အလုပ်လုပ်ကိုင်တဲ့ အချိန်မှ ပရိသတ်တွေရဲ့ အားပေးမှုက ပိုမိုရရှိလာခဲ့တာ တွေ့ရပါတယ်။

မကြာခင် Sky Net မှာ ထုတ်လွှင့်ပြသမယ့် “နပန်းရွာ” ဆိုတဲ့ ဇာတ်ကားမှာလည်း သူပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ အဲဒီဇာတ်ကားကတော့ ထိုုင်းကို မသွားခင်မှာ သူနောက်ဆုံး ရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။

GMM နဲ့ အနုပညာအလုပ်တွေ တွဲလုပ်တဲ့ အနုပညာရှင်တွေ အများကြီးရှိပေမယ့် မြန်မာအနုပညာရှင်ဆိုလို့ သူတစ်ယောက်ပဲ ရှိခဲ့တာပါ။ မြန်မာတစ်ယောက်အနေနဲ့ သူများနိုင်ငံသားတွေနဲ့အလုပ်လုပ်ရတဲ့အခါ အခက်အခဲတွေ အများကြီး ရှိခဲ့သလို ပညာတွေလည်း အများကြီး ရခဲ့တယ်လို့ ဆိုပါတယ်။

“ဟိုမှာဆိုရင် မြန်မာဆိုလို့ ကျွန်တော်တစ်ယောက်ပဲ ရှိတာ။အခက်အခဲတွေ အများကြီးရှိတယ်။ သူတို့က အင်္ဂလိပ်လိုလည်း သိပ်ပြီး ပြောလို့မရဘူး။ အဲဒီအတွက် ကြောင့် ထိုင်းစကားပဲ ပြောရတယ်။ ကျွန်တော်က ထိုင်းစကားကို ပြောတတ်ပေမယ့် အရမ်းကြီးတော့ မကျွမ်းသေးဘူး။ ဒိုင်ယာလော့ ပြောဖို့ကျတော့ သူတို့ script တွေကို မရိုက်ခင် တစ်ပတ်အလိုလောက်မှာ ပေးတယ်။ အဲဒီလိုဆို ပြေတယ်။ နောက်ပိုင်းကျရင် ရက်ကပ်မှ ပေးတာတွေဆိုရင် အရမ်းစိတ်ပင်ပန်းတယ်။ သူတို့ ဗန်းစကားတွေဆိုရင် မလွယ်ဘူး။ အဲဒါကတော့ အရမ်းခက်ခဲတယ်။ ဘာသာစကား အရမ်းခက်ခဲတာတော့ ရှိတယ်။ ဟိုမှာ ရှိတဲ့ သူတွေနဲ့ အလုပ်လုပ်ရတာအရမ်းအဆင်ပြေပါတယ်။ သူတို့ဆီက ပညာရတာတွေအများကြီးရှိတယ်။ သူတို့က အချိန်တိကျတယ်။ သူတို့က ကျွန်တော်တို့ကိုခေါင်းအစ လုပ်ပေးတယ်။ ဒီဘက်မှာတော့ အဲဒီလို မရှိသေးဘူး” လိုု့ Eve က ထိုင်းအေဂျင်စီနဲ့ လက်တွဲလုှပ်ရတဲ့ အတွေ့အကြုံတွေကို မျှဝေခဲ့ပါသေးတယ်။

Photo : Eve

Eve ဟာ Victoria University college ကနေ Human Resource နဲ့ဘွဲ့ရထားသူတစ်ယောက်ပါ။ ငယ်စဉ်ကတည်း အနုပညာပိုး ပါနေတဲ့ သူ့အတွက် ကျောင်းကပွဲတွေမှာဆိုလည်း အနုပညာ အရေအသွေး လေးတွေ ပြသခွင့်ရခဲ့ပါသေးတယ်။ ငယ်ငယ်က ကျောင်းကပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ဖူးခဲ့သလို စတုတ္ထတန်းအရွယ်လောက်မှာ သီချင်းဆိုပြိုင်ရင်းနဲ့ ပထမဆုကို ရရှိခဲ့ဖူးတယ်လို့ သိရပါတယ်။

အနုပညာကို ဝါသနာပါတဲ့ Eve အတွက် ကံကောင်းတာတစ်ခုက မိသားစုရဲ့ ပံ့ပိုးမှုကို ရာနှုန်းပြည့်ရရှိထားတာပါပဲ။ မိဘနှစ်ပါးစလုံးဟာ ဝါသနာအတွက် အသေးစိတ်ကအစ ပံ့ပိုးပေးလို့ သူ့ရဲ့ အနုပညာကြိုးစားမှုတွေကလည်း အားအင်အပြည့် ဖြစ်ခဲ့ရပါတယ်တဲ့။

Photo : Eve

Eve က ထိုင်းနိုင်ငံမှာ ဇာတ်လမ်းတွဲ သွားရိုက်ပြီး မြန်မာနိုင်ငံကို ၂၀၁၉ခုနှစ်၊ ဇူလိုင်(၅) ရက်နေ့က ပြန်လည်ရောက်ရှိနေပါတယ်။ မြန်မာနိုင်ငံ ပြန်ရောက်ချိန်မှာ သူရဲ့ အနုပညာအလုပ်တွေအတွက် အထောက်အကူဖြစ်စေမယ့် ထိုင်းဘာသာစကားကိုလည်း ဆက်လက် လေ့လာသွားမယ်လို့ ဆိုပါတယ်။

သူ့အနေနဲ့လည်း ရှေ့လျှောက်မှာလည်း သူဝါသနာပါတဲ့ အနုပညာအလုပ်တွေ ဆက်လုပ်သွားမှာဖြစ်ပြီး GMM နဲ့ (၅)နှစ် စာချုပ် ချုပ်ဆိုထားတာ ဖြစ်လို့ GMM နဲ့အတူ ဇာတ်ကားတွေ ဆက်ရိုက်သွားဦးမှာ လို့ ဆိုပါတယ်။ ထိုင်းနိုင်ငံကို စက်တင်ဘာလမှာ ပြန်သွားရမှာ ဖြစ်တယ်လို့ဆိုပါတယ်။ သူ့ရဲ့ အနုပညာလှုပ်ရှားမှုတွေကိုု ဆက်လက်ဝေဖန်ပြီး အားပေးကြပါဦးလို့ Eve က လက်အုပ်လေးချီကာ ပရိသတ်ကို တောင်းဆိုလိုက်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က