အောက်တိုဘာ(၃၁) ရက်နေ့မှာ ရုံတင်ပြသမှာပါ။

ဥပါယ်တံမျဉ် ဇာတ်ကားနဲ့ မုဒြာခေါ်သံ  ရုပ်ရှင်ဇာတ်ကားကို ပုံဖော်ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာခရစ္စတီးနားခီရဲ့ တတိယမြောက်လက်စွမ်းပြထားတဲ့ “Now & Ever “ ထာဝရနှောင်ကြိုး ရုပ်ရှင်ဇာတ်ကားကြီးကတော့ မကြာခင် ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

အားလုံးက စောင့်မျှော်နေကြတဲ့ ဒါရိုက်တာ ခရစ္စတီးနားခီရဲ့ ‘ထာဝရနှောင်ကြိုး’ ရုပ်ရှင် ဇာတ်ကားကြီးက Teaser ဖိုင် စထွက်လာကတည်းက ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတဲ့ ဇာတ်ကားတစ်ကားပါ။ ဒီဇာတ်ကားမှာလည်း ဒါရိုက်တာခရစ္စတီးနားခီဟာ သူမရဲ့ ခင်ပွန်းကိုပဲ အဓိကမင်းသားနေရာက ရိုက်ကူးပေး ခဲ့တာ ဖြစ်ပါတယ်။ ဇဏ်ခီအနေနဲ့ မင်းသားတစ်ယောက်အဖြစ်ရော ဇာတ်ညွှန်းရေးဆရာတစ်ယောက်အဖြစ်ပါ ဒီကားအတွက် ကြိုးစားအားထုတ်ထားတာ တွေ့ရသလို အပြင်မှာ ရှိတဲ့ ဇာတ်လမ်းလေးကို အခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။ဇာတ်လမ်းပုံစံလေးက ရိုးရှင်းပေမယ့် မလွယ်ကူလှတဲ့ အချစ်ကားတစ်ကားလို့ ဆိုရမှာပါ။

“တကယ်တော့ ကျွန်တော် ဒီဇာတ်ညွှန်းကိုရေးဖြစ်သွားတာက အပြင်က လင်မယားနှစ်ယော က်အကြောင်းကို ကြားမိပြီးတော့ဇာတ်ညွှန်းရေးတယ်။ ဒါပေမယ့် ဒီဇာတ်ကားထဲမှာတော့ ဇာတ်အများကြီး ချဲ့လိုက်တဲ့ အတွက် အပြင်ကဟာနဲ့ သိပ်တော့ မတူတော့ဘူး။ ဒါပေမယ့် အပြင်မှာ တကယ်ရှိပါတယ်။ ကျွန်တော် US မှာနေတုန်းက မြန်မာ Couple တစ်ခုပေါ့နော်။ အပြင်မှာလည်း မမြင်ဖူးပါဘူး။ မိတ်ဆွေကေ နတဆင့်ကြား တာပေါ့နော်။ အပြင်မှာရှိတဲ့ ဇာတ်လမ်းလေးကို အခြေခံပြီးတော့ ရေးထားတာပါ’’လို့ ဇာတ်ညွှန်းကို ပုံဖော်ခဲ့သူ ဇဏ်ခီကဆိုပါတယ်။

photo : ထာဝရနှောင်ကြိုး

ရုပ်ရှင်စအဖွင့်မှာ ၁၉၈၀/ ၈၅ ခုနှစ် ကာလအခင်းအကျင်းလေးတွေနဲ့ စဖွင့်ခဲ့တာလေးက အရင်ခေတ်ကို ပြန်လည်လွမ်းမောစေခဲ့ပါသေးတယ်။ ဇာတ်ကားတစ်ကားလုံးကို အေးချမ်းလှတဲ့ ရာသီဥတုကို ပိုင်ဆိုင်ထားတဲ့ ပူတာအိုမြို့လေးမှာ သွားရောက်ရိုက်ကူးခဲ့တာပါ။ ရုပ်ရှင်ပြန်ကြည့်တဲ့အချိန်မှာ ပူတာအိုကို ရိုက်ပြလို့ ရိုက်ပြထားမှန်း မသိအောင်ကို ရိုက်ချက်တွေက ကောင်းမွန်းလှတယ်လို့ ရုပ်ရှင်ကြည့်ပြီးတဲ့ သူတွေက ချီးကျူးစကား ဆိုထားပါတယ်။

ဒါရိုက်တာရဲ့ စီမံခန့်ခွဲမှု အောက်မှာ အကောင်းဆုံး သရုပ်ဆောင်ပြသွားနိုင်တာကတော့ မင်းသား ဇဏ်ခီနဲ့ မင်းသမီးပိုင်ဖြိုးသုတို့ပါပဲ။ စူးရှလွန်းလှတဲ့ မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားတဲ့ ဇဏ်ခီရဲ့ အကြည့်တွေကလည်း အချစ်ကားရဲ့ ရသကို ပိုပြီး ပြောင်မြောက်စေတာ တွေ့ရမှာပါ။

ခရစ္စတီးနားခီရဲ့ မူအတိုင်း ဇာတ်ကားမှာ စကားတွေအများကြီး မပြောစေဘဲ အိုက်တင်အမူအယာများနဲ့ ချစ်ခြင်းမေတ္တာတရားတွေကို ပုံဖော်သွားခဲ့တာလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။

 ‘’ဥပါယ်တံမျဉ်’’ရုပ်ရှင်နဲ့ ‘’မုုဒြာခေါ်သံ’’ရုပ်ရှင် ဇာတ်ကားတွေဟာ အောင်မြင်မှုများစွာ ရရှိခဲ့တာဖြစ်တဲ့အတွက် Now & Ever ရုပ်ရှင် ဖန်တီးမှုမှာတော့ ခီမောင်နှံအတွက် ပိုပြီး တာဝန်ကြီးခဲ့ပါတယ်။

 “ဒီဇာတ်ကို ရတဲ့အချိန်တုန်းက အဲ့လောက်ခက်ခဲမယ်မထင်ဘူး။ ရိုက်ကြည့်လိုက်တဲ့အခါမှာ အရမ်းကြိုက်သွားခဲ့တယ်။ ပြင်ဆင်မှုတွေ ရုပ်ထွက်တွေနဲ့စိန်ခေါ်မှုပိုများခဲ့တယ်။ ကိုဇဏ်ကိုတောင် ပြောတယ်နောက်ပိုင်း ဒီထက်ပိုပြီး စိန်ခေါ်မှုများတဲ့ အရမ်းပိုခက်ပြီးအရမ်းမိုက်တဲ့ကားတွေပဲ ရိုက်တော့မယ်လို့ စဉ်းစားဖြစ်ခဲ့တယ်။ ဒီကားအတွက်တော့ အခုတော့ ရင်ပေ့ါသွားတယ်။ အမြဲတမ်းဆုတောင်း ဖြစ်တာက ဒီကားလေးပြီးမှ သေပါစေပေ့ါနော်။အခုတော့ ရင်ပေ့ါသွားပါပြီ’ လို့ ဒါရိုက်တာ ခရစ္စတီးနားခီက ဆိုပါတယ်။

“Now & Ever “ ဇာတ်ကားကို အောက်တိုဘာ(၂၁) ရက်နေ့ညက သမ္မတရုပ်ရှင်ရုံမှာ Red Carpet ပြုလုပ်ခဲ့တာ ဖြစ်ပြီး ဇာတ်ကားကြည့်ရှုပြီးသွားတဲ့ သူတိုင်းရဲ့ ချီးကျူးခြင်းကို ရရှိနေတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ပထမဇာတ်ကား နှစ်ကားတုန်းက မင်္ဂလာရုံမှာ ပြသခွင့်မရခဲ့ပေမယ့် ဒီတစ်ခေါက် Now & Ever ဇာတ်ကားကတော့ မင်္ဂလာအုပ်စုမှာ ရုံတင်ခွင့်ရခဲ့ပါပြီ။ ဒါကလည်း ခီမောင်နှံရဲ့ ပရိသတ်တွေအတွက် ဝမ်းသာစရာ သတင်းတစ်ခုလို့ ဆိုရမှာပါ။ အောက်တိုဘာ(၃၁) မှ ရုံတင်ပြသမယ့် “Now & Ever “ ဇာတ်ကားကတော့ ပရိသတ်တွေရဲ့ အကြိုက်နဲ့ ဘယ်လောက်ထပ်တူကျနိုင်မလဲဆိုတာ မကြာခင်မှာ သိရတော့မှာပါ။



က္က