ဖေဖော်ဝါရီလ ၁ ရက်နေ့ မှာ ရုံတင်ပြသသွားမှာပါ။

ထွန်းထွန်း၊ စိုင်းစိုင်းခမ်းလှိုင်နဲ့ ဖွေးဖွေးတို့ပါဝင်သရုပ်ဆောင်ထားတဲ့ ‘’ကြာတော့သည်လည်း မောင့်စကား’’ ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး အနုပညာရှင်တွေရဲ့ ရင်ခုန်သံစကားတွေကို အခုလို သိခွင့်ရခဲ့ပါတယ်။ တင်တင်ဇော် ဇာတ်ကောင်နဲ့ပတ်သက်ပြီး ဆရာမဂျူးရဲ့ ခံစားချက်ကိုလည်း အခုလိုပြောပြလာပါတယ်။

‘’ကြာတော့သည်လည်း မောင့်စကား’’ ရုပ်ရှင်ဇာတ်ကားကြီး အထူးပြသပွဲကို ဇန်နဝါရီလ ၂၉ ရက်နေ့ ညက သမ္မတရုပ်ရှင်ရုံမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးမှာ ထွန်းထွန်း၊ စိုင်းစိုင်းခမ်းလှိုင်နဲ့ ဖွေးဖွေး တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။



‘’ ကျွန်တော်တို့ ရိုက်ခဲ့တဲ့ဇာတ်ကားကို ကိုမီးပွားက ပြန်ပြီးတော့ ဖန်တီးထားတဲ့ လက်ရာမှာ စိုင်းစိုင်းဆိုလည်း ပြောစရာမလိုဘူး၊ ထွန်းထွန်းဆိုလည်း ကောင်းတယ်။ ဖွေးဖွေးကတော့ ပြောစရာမလိုဘူး။ စူပါပေါ့ ဆရာမကြီးဖြစ်နေပြီ။ ဒီဇာတ်ကားကို သူတို့ သုံးယောက်စလုံး နိုင်နင်းလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။ ဒါရိုက်တာကလည်း တော်တယ်၊ သရုပ်ဆောင်တွေကလည်း တော်ကြတဲ့အတွက် အောင်မြင်တဲ့ ဇာတ်ကားတစ်ကားဖြစ်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်’’ ဆိုပြီးတော့ ရန်အောင်က ပြောပြလာပါတယ်။

အဲဒီနောက် အရင်တုန်းက ရိုက်ခဲ့တဲ့ ‘’ကြာတော့သည်လည်း မောင့်စကား’’ ရုပ်ရှင်ဇာတ်ကားကြီးမှာ တင်တင်ဇော် ကာရိုက်တာနေရာမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ စိုးမြတ်သူဇာကလည်း ဒီဇာတ်ကားအတွက် ဂုဏ်ယူမိတဲ့အကြောင်းတွေ ပြောပြလာပါတယ်။

‘’ဒီဇာတ်ကားလေးရဲ့ ထူးခြားချက်ကတော့ ဆရာမရဲ့ ဝတ္ထုတွေကို ဆရာမလည်း ကျန်းကျန်းမာမာရှိနေသေးတဲ့ အချိန်မှာ မျိုးဆက်နှစ်ခု အတူတူရိုက်ခွင့်ရတယ်ပေါ့နော်။ ဟိုတုန်းက ဇာတ်နဲ့ အခုဇာတ်နဲ့ကတော့ မတူဘူးပေါ့နော်။ ဒါကို ဒါရိုက်တာချင်းလည်း မတူတဲ့အတွက် ရိုက်ကူးတင်ပြပုံချင်းလည်း တူမှာမဟုတ်ပါဘူး။ အဲ့ဒါက ဂုဏ်ယူစရာ၊ ပျော်ရွှင်စရာကောင်းတယ်။ ဒါရိုက်တာကလည်း ဦးမီးပွားရိုက်တာဖြစ်တဲ့အတွက်ရော၊ ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေလည်း ပါတဲ့အတွက် ဒီဇာတ်ကားက မကြီးတို့ဇာတ်ကားထက် ပိုကောင်းလိမ့်မယ်လို့ ယုံကြည်ပါတယ်’’ လို့ ဇန်နဝါရီလ ၂၉ ရက်နေ့ညက ‘’ကြာတော့သည်လည်း မောင့်စကား’’ ရုပ်ရှင်အထူးပြပွဲမှာ ပြောပြခဲ့တာဖြစ်ပါတယ်။

‘’ကြာတော့သည်လည်း မောင့်စကား’’ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးနေစဉ်က တင်တင်ဇော်ကို ရေနံချောင်းသူ မဟုတ်ဘဲ ပြင်ဦးလွင်သူအဖြစ် ပြောင်းလိုက်တဲ့အချိန်မှာ ဝေဖန်မှုတွေရှိခဲ့ပါတယ်။ ဒီအကြောင်းအရာအပေါ် ဆရာမဂျူးရဲ့ ခံစားချက်ကို အခုလို ပြောပြထားပါသေးတယ်။

‘’ ဆရာမကတော့ တင်တင်ဇော်သည် ရေနံချောင်းသူပဲဖြစ်ဖြစ်၊ တောင်ကြီးသူပဲဖြစ်ဖြစ်၊ ပြင်ဦးလွင်သူပဲ ဖြစ်ဖြစ် တင်တင်ဇော်ရဲ့စရိုက်၊ တင်တင်ဇော်ရဲ့ စိတ်ဓာတ်၊ တင်တင်ဇော်ရဲ့ မာန၊ တင်တင်ဇော်ရဲ့ ခံစားချက်ကတော့ ဘယ်မြို့သူပဲဖြစ်ဖြစ် မြန်မာနိုင်ငံအတွင်းမှာ ရှိနေတာကိုက မပြောင်းလဲဘူးလို့ ဆရာမကတော့ ပြောချင်ပါတယ်’’ လို့ ဆက်လက်ဖြေဆိုခဲ့ပါတယ်။

Photo: ကြာတော့သည်လည်း မောင့်စကား

‘’ကြာတော့သည်လည်း မောင့်စကား’’ ရုပ်ရှင်ဇာတ်ကားကြီးကို ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ မီးပွားရိုက်ကူးတာဖြစ်ပြီး ထွန်းထွန်း၊ စိုင်းစိုင်းခမ်းလှိုင် နဲ့ ဖွေးဖွေး တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က