ဗီဒီယိုက ရှားသွားတော့ အလုပ်လက်မဲ့ဖြစ်သွားတယ်။

လူကြမ်းသရုပ်ဆောင်ကြီးတစ်ယောက်ဖြစ်တဲ့ ဦးမြင့်မောင်က ဇာတ်ကားတွေ မရိုက်ရတော့တဲ့အချိန်မှာ ကြုံရာကျပန်း အလုပ်လုပ်နေရပါတယ်တဲ့။ ဇနီးဖြစ်သူကလည်း အဝတ်လျှော် မီးပူတိုက် အလုပ်ကို လုပ်နေရတာပါတဲ့။

Photo: U MyaMaung



ဝါရင့်လူကြမ်းသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဦးမြမောင်က ဇာတ်ကားတွေ ရိုက်ခွင့်မရတော့တဲ့အချိန်မှာ မိသားစု စားဝတ်နေရေး အခက်အခဲဖြစ်တယ်လို့ဆိုပါတယ်။ ဒါကြောင့်လည်း အပြင်အလုပ်လေးတွေလုပ်ပြီး ရတဲ့ပိုက်ဆံနဲ့ စားဝတ်နေရေးကို ဖြေရှင်းရတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

‘’ မိသားစု စားဝတ်နေရေးကတော့ ရတဲ့အလုပ်ပဲ ပျံကျပဲပေါ့။ ဒီအလုပ်တစ်ခုတည်း တတ်တာကိုး။ ဒီအလုပ်ကိုပဲ တစိုက်မတ်မတ် အားထားတာပေါ့နော်။ ကျွန်တော်တို့ ဗီဒီယို ခေတ်ကြီးကလည်းမကောင်းဘူး။ ကိုယ်တတ်တဲ့ အနုပညာအလုပ်က လက်မှုလုပ်ငန်းတို့ဘာတို့ သိပ်မရှိဘူးလေ။ အဲဒီတော့ သူငယ်ချင်းတွေက အပြင်မှာ ခေါ်ပြီးတော့ ခိုင်းတယ်၊ သွားပြီးလုပ်အားပေးတယ်။ သူတို့ပေးတဲ့ လုပ်အားခလေးကို မိသားစု စားဝတ်နေရေးအတွက် ခြွေတာပြီးတော့ သုံးရတာပေါ့’’ လို့ ဆိုပါတယ်။

အနုပညာအလုပ်တွေ ရှားပါးလာတဲ့နောက်မှာတော့ ဇနီးဖြစ်သူရော ဦးမြမောင်ရောပါ ကြုံရာကျပန်း အလုပ်တွေ လုပ်နေရပြီလို့ စိတ်မကောင်းစွာနဲ့ ရင်ဖွင့်ပြောပြခဲ့ပြန်ပါတယ်။

‘’ ဒီအလုပ်ကို အားကိုးပြီး လုပ်နေရတာပါ။ ဒါပေမယ့် ဒီအလုပ်ကလည်း ရှားပါးသွားတော့ အဘတို့အနေနဲ့ အလုပ်လက်မဲ့ဖြစ်သွားတာပေါ့နော်။ ရရာ ကြုံရာလေးပဲ လိုက်ပြီးတော့ နေ့စားလေးလုပ်လိုက်၊ ရတာလေးနဲ့ မိသားစု မျှစားပေါ့။ ဇနီးဖြစ်သူကတော့ ကြုံရာကျပန်း အဝတ်လျှော်၊ မီးပူတိုက်ပေါ့။ အဲဒီက ရတာတွေနဲ့ လုံလောက်အောင် ခြွေတာပြီးစားနေရတာပေါ့’’ ဆိုပြီးတော့ သြဂုတ်လ ၁၅ ရက်နေ့က ရွှေပိုးအိမ်မွေးနေ့အလှူကို ရောက်လာရင်း ဖြေဆိုခဲ့တာပါ။

ဦးမြမောင်က အခုချိန်မှာတော့ အသက်အရွယ်ကြီးရင့်လာပြီဖြစ်တဲ့အတွက် အက်ရှင်ဇာတ်ကားတောင် ရိုက်ဖို့ အခွင့်အရေးမရှိတော့ဘူးလို့ဆိုပါတယ်။ ဒါကြောင့် အသက်အရွယ်နဲ့လိုက်ဖက်မယ့် ကာရိုက်တာလေးတွေကို ရိုက်ရင်း နေ့စားအလုပ်လေးနဲ့ ရပ်တည်နေတယ်လို့ ပြောပါတယ်။

‘’ အဘိုးကြီးဖြစ်လာတဲ့အချိန်မှာတော့ တစ်ခါတလေကျရင် ဖြတ်လျှောက်လို နေရာမျိုးခေါ်ခိုင်းတယ်။ တစ်ခါတလေကျတော့လည်း ခြံစောင့်ကြီးတွေ အနေနဲ့ ခေါ်ခိုင်းတယ်။ တစ်ခါတလေကျပြန်တော့လည်း အိမ်ထဲမှာ စောင့်ရှောက်ရတဲ့ နေရာမျိုးပေါ့နော်။ အဘတို့က အရင်တုန်းကတော့ အက်ရှင်လိုင်းပေါ့။ အသက်ကြီးလာတော့လည်း အဘရေ ဒီနေရာလေးကတော့ မျက်နှာ အင်အားလေးလိုတယ် နည်းနည်းလျှောက်ပေးပါဆိုရင် လျှောက်ပေးလိုက်တယ်။ အဲဒီကနေတော့မှ နေ့စားလေး ရတာပေါ့နော်’’ လို့ သူကဆိုပါတယ်။

Photo: U MyaMaung

ဦးမြမောင်ကိုတော့ ပရိသတ်တော်တော်များများက အက်ရှင်ဇာတ်ကားတွေကနေတဆင့် သတိထားမိကြမှာပါ။ သူဟာ အနုပညာအလုပ်ကို ရူးသွပ်သူလည်းဖြစ်သလို ဒီလောကထဲမှာ ရပ်တည်လာတဲ့ နှစ်တွေကလည်း အတော်ကို ကြာခဲ့ပါပြီ။ ဗီဒီယို ဈေးကွက် ပျက်ခဲ့ရတဲ့အချိန်မှာတော့ သူဟာ အနုပညာအလုပ်တွေနဲ့ ဝေးကွာခဲ့ရသူပါ။ အခုချိန်မှာတော့ အပြင်အလုပ်လေးကနေရတဲ့ နေ့စား ငွေကြေးလေးနဲ့ ရပ်တည်နေတယ်လို့ သိရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က