ညီမက ဇာတ်ကားရိုက်တာ နည်းတဲ့သူပါ။
Sabal Thwin

ရွှေပိုးအိမ်က ဇာတ်ကားရိုက်ကူးမှုတွေ နည်းတဲ့ သရုပ်ဆောင်တစ်ယောက်ကို နေရာပေးကြတဲ့ အနုပညာလောကသားတွေကို ကျေးဇူးတင်တယ်လို့ ဆိုပါတယ်။ အနုပညာနဲ့ ပတ်သက်လာရင် ဝါသနာကြီးလွန်းလှတဲ့ သူမရဲ့ ခံယူချက်တွေကို ပြောပြလာပါတယ်။

photo: shwe poe eain

ရွှေပိုးအိမ်ကတော့ လက်ရှိမှာ ပရိသတ်အခိုင်အမာရရှိလာတဲ့ မင်းသမီးချောလေးတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် သူမကိုယ်တိုင်ကလည်း ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေရတဲ့ သရုပ်ဆောင် တစ်ယောက် မဟုတ်ဘူးလို့ Duwun Media ကနေ ပြောပြလာပါတယ်။

‘’ရွှေပိုးကတော့ ကားရိုက် နည်းတဲ့အထဲမှာ ပါတယ်။ ဆက်တိုက်ရိုက်ကူးနေရတဲ့သူလည်း မဟုတ်ပါဘူး။ ဒါတောင်မှ ရွှေပိုးကို လုပ်ကွက်ရတဲ့ ကာရိုက်တာတွေအတွက် လာရောက်ကမ်းလှမ်းကြတဲ့ အကုန်လုံးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ ရွှေပိုးကိုယ်တိုင်ကလည်း ကာရိုက်တာ ရွေးချယ်တဲ့ မင်းသမီးတော့ မဟုတ်သေးပါဘူး။ အခုချိန်မှာ ကြိုးစားနေတာဆိုတော့လေ နောက်လည်း ရွေးချယ်ချင်မှ ရွေးချယ်မှာပါ။ ကိုယ့်ကို လာအပ်တဲ့ ကာရိုက်တာတွေကလည်း ကိုယ်နဲ့ အကုန်လုံး လိုက်ဖက်နေတာဖြစ်တဲ့အတွက် အစစအရာရာ အဆင်ပြေပါတယ်’’ လို့ သူကဆိုပါတယ်။

photo: htet zaw aung

သူမဟာ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး ဝါသနာကြီးလွန်းသူတစ်ယောက်ပါ။ စိန်ခေါ်မှုဖြစ်စေမယ့် ကာရိုက်တာတွေနဲ့ တွေ့ဆုံလာမယ်ဆိုရင်လည်း အကောင်းဆုံးကြိုးစားသွားဖို့ ရည်မှန်းထားတယ်လို့ သြဂုတ်လ ၁၅ ရက်နေ့က သူမရဲ့ မွေးနေ့ အလှူပွဲလေးမှာ ဖြေဆိုခဲ့ပါတယ်။

‘’ ရွှေပိုးက ဘယ်လို ကာရိုက်တာပဲဖြစ်ဖြစ် ရိုက်ချင်တဲ့ ဆန္ဒရှိပါတယ်။ ဒါပေမယ့် ရွှေပိုးမှာက နှလုံးအားနည်းတဲ့ရောဂါရှိတော့ အရမ်းကြီးဝိတ်လျှော့လို့ မရဘူးပေါ့။ နဂိုကတည်းကလည်း ပေါင် ၁၈၀ ကျော်လောက် ဝတဲ့သူဆိုတော့ ပိန်ပိန်သေးသေးလေးတော့ ဖြစ်မသွားနိုင်ဘူး။ ဒီ Body Weight လောက်ပဲ ဖြစ်နိုင်ပါတယ်။ ရွှေပိုးကိုလည်း မြန်မာဆန်ဆန်လေးတွေပဲ လာငှားကြတာ များပါတယ်’’ လို့ ဆိုပါတယ်။

photo: shwe poe eain

ရွှေပိုးအိမ်ကိုတော့ ပရိသတ်တွေက ဗီဒီယိုဇာတ်ကားတွေကနေတဆင့် အားပေးလာခဲ့ကြတာဖြစ်ပါတယ်။ အခုချိန်မှာတော့ သူမဟာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်လာတဲ့မင်းသမီးတစ်ယောက်ဖြစ်လို့နေပါပြီ။ လက်ရှိမှာလည်း ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေလည်း ရိုက်ကူးနေရသူ ဖြစ်သလို မိသားစုနဲ့ဖြစ်ဖြစ်၊ ပရိသတ်တွေနဲ့ဖြစ်ဖြစ် အလှူအတန်းဆိုရင်လည်း အမြဲမပြတ် ဆောင်ရွက်နေသူတစ်ဦးဖြစ်ပါတယ်။


က္က