သရုပ်ဆောင် ဖြစ်လာမယ်လို့ တွေးတောင် မတွေးမိခဲ့ဘူး။

ဂွမ်းပုံလေးကတော့ သူမရဲ့ ဝါသနာဟာ ကျောင်းဆရာမ တစ်ယောက် ဖြစ်ချင်ခဲ့ပေမယ့် တက္ကသိုလ်မှာ ပြဇာတ်တွေ ကရင်း အနုပညာလောထဲ ရောက်ဖြစ်သွားတဲ့ အမှတ်တရတွေ ပြောပြလာပါတယ်။ 

Photo: Goon Sein



သရုပ်ဆောင် ဂွမ်းပုံလေးရဲ့ ဝါသနာကတော့ကျောင်းဆရာမ တစ်‌ယောက်ဖြစ်ဖို့ပါတဲ့။ ဒါပေမယ့်လည်း ကျောင်းကပွဲတွေကရင်းနဲ့ အနုပညာလောကထဲကို ရောက်မှန်းမသိ ရောက်ခဲ့တဲ့ သူမအဖို့ ဟာသ သရုပ်ဆောင် တစ်ယောက် ဖြစ်လာမယ်လို့ မမျှော်လင့်ခဲ့ဖူးဘူးလို့ ဆိုပါတယ်။

“ ကိုယ်က ငယ်ငယ်ကတည်းက စစနောက်နောက် နေတတ်တာ။ သရုပ်ဆောင် တစ်ယောက်ဖြစ်လာလိမ့်မယ်လို့လည်း မမျှော်မှန်းရဲပါဘူး။ ကိုယ်က ဘွဲ့ရပြီးရင် ကျောင်းဆရာမ လုပ်မှာ ဒါကြောင့် မြန်မာစာ အဓိက မေဂျာယူခဲ့တာပေါ့။ ဒါပေမယ့် ရုပ်ရှင်ကြည့်ပြီဆိုရင် အမေ ဒေါ်စိန်တင်၊ ဖိုးပါကြီး၊ ဦးသန်းနွဲ့၊ အန်တီရွှေလုံး တို့ကို သဘောကျခဲ့တယ်။ အဲဒါကြောင့် ဆရာဦးနန္ဒကလည်း ဟာသပလော့ဂျ်လေးတွေ ပေးတယ်၊ ကိုယ်ကလည်း လုပ်နိုင်ခဲ့တော့ ဟာသသရုပ်ဆောင် ဖြစ်လာတယ်။ ပြောရရင်တော့ ဇာတ်ပို့ပေါ့၊ ကိုယ်က ဟာသလိုင်းလေးကြတော့ နည်းနည်း ထူးခြားခဲ့လို့ထင်ပါတယ်” လို့ သူကဆိုပါတယ်။  

Photo: Goon Sein

ဂွမ်းပုံလေးကတော့ သူမရဲ့ ပထမဆုံး ရုပ်ရှင်ဇာတ်ကားကို သရုပ်ဆောင် ကျော်သူ၊ မို့မို့မြင့်အောင် တို့နဲ့ တွဲဖက် သရုပ်ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ တက္ကသိုလ်ဂွမ်းပုံလေး ဆိုတဲ့ နာမည်ကို ဒီဇာတ်ကားကနေ စတင်ခဲ့တာလို့ ပြောပါတယ်။ 

“ မြန်မာစာမေဂျာ နောက်ဆုံးနှစ်မှာ ဒါရိုက်တာ ကိုဇော်မြင့်ဦးနဲ့ မန္တလေးက အစ်ကို ကိုဇော်လွင်တို့ကနေတဆင့် ဆရာဦးနန္ဒရိုက်တဲ့ မမို့ရဲ့ကားပေါ့ ‘ရင်ခုန်မိတာ အချစ်လား’ ဆိုတဲ့ဇာတ်ကားမှာ မျက်နှာသစ် သရုပ်ဆောင် သုံးချင်တယ်ဆိုလို့ မဂွမ်းကို ရိုက်ဖို့ ပြောတယ်။ ကိုယ်ကလည်း မမို့နဲ့ရိုက်ရမှာဆိုတော့ အပြင်မှာ မမို့ကို တကယ်မြင်ရတော့မှာဆိုတော့ ဝမ်းတွေ သာတာပေါ့။ အဲဒီမှာ ဆရာဦးနန္ဒက တက္ကသိုလ်အနု ပညာအသင်းကနေ ရခဲ့လို့ နင့်ကို တက္ကသိုလ်ဂွမ်းပုံလို့ နာမည်ပေးမယ်ဆိုပြီးတော့ ဖြစ်လာတာပါ။ ‘ ရင်ခုန်မိတာ အချစ်လား’ ဇာတ်ကားမှာ ကိုကျော်သူ၊ မမို့ တို့နဲ့ အတူတူ သရုပ်ဆောင်ခဲ့ရတာပါ။” ဆိုပြီးတော့ ဇွန်လ(၁၀) ရက်နေ့က ရုပ်ရှင် နှစ်(၁၀၀)ပြည့်ရိုက်ကူးရေးမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Goon Sein

အဲဒီနောက် သူမဟာ သရုပ်ဆောင် တစ်ယောက် မဖြစ်ခင်က တက္ကသိုလ်မှာ ပြဇာတ်တွေလည်း ကခဲ့ဖူးတဲ့ အမှတ်တရတွေကို ဂွမ်းပုံလေးက ပြောပြလာခဲ့ပါတယ်။  

“ မဂွမ်း တက္ကသိုလ်မှာ မြန်မာစာ အဓိက နဲ့ ဘွဲ့ရထားတဲ့ နာမည်က စန်းစန်းကြည်ပါ။ မြန်မာနိုင်ငံ ကွန်မြူနေးရှင်းမှာဆိုရင် RC Call ဆိုတာ ရှိတယ်၊ အဲဒီမှာ အနုပညာအသင်းခန်းကြီးရှိတယ် ဦးအရိုင်းတို့၊ ကိုဇာဂနာတို့ နဲ့ အတူတူ အငြိမ့်တွေ၊ ပြဇာတ်တွေ ကခဲ့တယ်။ အသင်းခန်းကြီးထဲလည်း ဝင်လိုက်ရော၊ မြန်မာ့အသံက ဒါရိုက်တာ စတားဖုန်းဝေ ဆိုတဲ့ ဆရာက ပြဇာတ်တစ်ခု လုပ်ရမယ်ပေါ့၊ မဂွမ်းက ငယ်ငယ်ကတည်းက ပုပုလုံးလုံးဆိုတော့ အားလုံးက စကြ၊ ပြောင်ကြနဲ့ ။ စန်းစန်းကြည်ပေါ့ နင် မြန်မာ့အသံက ပြဇာတ်မှာ ပါရမယ်ဆိုတော့ အဲဒီခေတ်တုန်းကလည်း မြန်မာ့အသံခေတ်ဆိုတော့ ပါလိုက်တယ်။ အဲဒီမှာ ဆရာက စန်းစန်းကြည်တဲ့ နင်က ပုပုလုံးလုံးလေးဆိုတော့ ဂွမ်းပုံလို့ နာမည်ပေးမယ် ဆိုပြီးတော့ ဒီက စပြီး ဂွမ်းပုံဖြစ်သွားတာ” လို့ သူက ဆိုပါတယ်။ 

Photo: Goon Sein

ဂွမ်းပုံလေးဟာ ကျရာဇာတ်ရုပ်ကို အကောင်းဆုံး ကြိုးစားသရုပ်ဆောင်ခဲ့တာကြောင့် ၁၀ စုနှစ် တစ်စု ကျော်လာတဲ့အချိန်မှာ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိလာတဲ့ ဇာတ်ပို့ သရုပ်ဆောင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူ့အနေနဲ့ အိမ်အကူ ကာရိုက်တာ၊ မင်းသမီးရဲ့ သူငယ်ချင်းနေရာ၊ အဒေါ်နေရာ၊ အမေ နေရာ နဲ့ အစ်မကြီး နေရာတွေမှာ အများဆုံး ပါဝင်သရုပ်ဆောင်ရသူဖြစ်ပါတယ်။ သူမဟာ ၂၀၁၅ ခုနှစ်တုန်းက အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု အဖြစ် "ဤအရာကိုအချစ်ဟုခေါ်သလား" ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီဆု ရရှိထားသူဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က