ခေတ်အဆက်ဆက် အောင်မြင်ခဲ့သူ တစ်ယောက်ပါ။

ဦးကျော်ဟိန်း ကွယ်လွန်ခဲ့တာဟာ အနုပညာလောကအတွက် ကြီးမားတဲ့ ဆုံးရှုံးမှုကြီး တစ်ခုပါပဲလို့ ဦးကျော်သူက ပြောပြလာပါတယ်။ 

Photo: Kyaw Thu



ဝါရင့်အနုပညာရှင်ကြီး ဦးကျော်ဟိန်းရဲ့ ရုပ်တုကို ရုပ်ရှင်အစည်းအရုံးမှာ အမှတ်တရ ထားစေချင်တယ်လို့ ဦးကျော်သူက Duwun ကနေ ပြောပါတယ်။ ဦးကျော်ဟိန်းဟာ ရုပ်ရှင်လောကမှာ ခေတ်အဆက်ဆက် အောင်မြင်လာခဲ့သူဖြစ်သလို အနုပညာရှင်တိုင်က လေးစားရတဲ့ ဝါရင့်သရုပ်ဆောင်ကြီး တစ်ဦးလည်းဖြစ်ပါတယ်။ 

“ အခုဆိုရင် ရုပ်ရှင်လည်း နှစ်(၁၀၀) ပြည့်ပြီ။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အနေနဲ့ နှစ်(၁၀၀) ပြည့်ကာလမှာ ဒီလို ထူးခြားတဲ့ ဆုံးရှုံးမှု ကြီး တစ်ခုဖြစ်လာတယ်။ ဦးကျော်ဟိန်းဆိုတာ ခေတ်အဆက်ဆက် Black & White ခတ်ကနေ ကာလာ ခေတ်အထိကို အောင်မြင်ခဲ့တာ။ တကယ်ကို အစားထိုးလို့မရတဲ့ သရုပ်ဆောင်ကြီး၊ ဒါရိုက်တာကြီးပါ။ ဒါကြောင့် သူ့ရဲ့ ရုပ်တုကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာ ထုထားဖို့တော့ လိုအပ်တယ်လို့ ကျွန်တော် ထင်တယ်။ နှစ်(၁၀၀) ပြည့်ပွဲမှာ ဦးကျော်ဟိန်းရဲ့ ရုပ်တုနဲ့ စတင်ပြီးတော့ ဖွင့်စေချင်တဲ့အကြောင်း အကြံပြုချင်ပါတယ်" လို့ သူကဆိုပါတယ်။ 

Photo: Kyaw Hein

 ဥူးဇင်း ကိတ္ထိသာရ (သရုပ်ဆောင် ကျော်ဟိန်း) ဟာ သြစတေးလျနိုင်ငံ ကမ်ဘာရာမြို့မှာဇူလိုင်လ(၁၁) ရက်နေ့က ပျံလွန်တော် မူခဲ့တာပါ။ မိသားစုဝင်တွေနဲ့ အတူ အနုပညာရှင်များ၊ ပရိသတ်များကလည်း စိတ်မကောင်းဖြစ်လို့နေပါတယ်။ ဈာပန ကိစ္စအဝဝကို သြစတေးလျနိုင်ငံ ကမ်ဘာရာမြို့မှာပဲ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ 

ဦးကျော်သူ အနေနဲ့ ဦးကျော်ဟိန်းရဲ့ အရိုးပြာအိုးကိုတော့ မြန်မာနိုင်ငံမှာပဲ အမှတ်တရထားစေချင်တဲ့ သူ့ရဲ့ ဆန္ဒကို အခုလို ပြောပြလာပါတယ်။ 

“ တစ်ခု စိတ်မကောင်းတာကတော့ ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်နိုင်ငံမှာ သာသနာ့ဘောင်ကို ဝင်ပြီးတော့ နောက်ဆုံး ခေါင်းမချရတာကို စိတ်မကောင်းဘူး။ ထိုနည်းတူစွာပဲ သူတို့ မိသားစုတွေလည်း ဒီလိုပဲ ဖြစ်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်။ Covid ကာလဖြစ်နေတော့ Body ကိုလည်း ဒီ သယ်လာလို့မရဘူး။ ဟိုမှာပဲ မီးသဂြိုဟ်မယ်ဆိုရင် ဦးကျော်ရဲ့ အရိုးပြာအိုးကို ဧရာဝတီမြစ်ထဲပဲ မြှော မြှော၊ ရေဝေးမှာပဲ အမှတ်တရထားသင့်တယ်လို့ ကျွန်တော် ထင်တယ်” လို့ ဆက်လက်ပြောပြခဲ့ပါတယ်။ 

Photo: Kyaw Thu

သရုပ်ဆောင် ကျော်ဟိန်းဟာ ၂၀၀၈ ခုနှစ်က စပြီး ဥူးဇင်း ကိတ္ထိသာရ ဘွဲ့နာမည်ဖြင့် သာသနာ့ဘောင်ထဲ အပြီးတိုင်ဝင်ရောက်သွားတာ ဖြစ်ပါတယ်။ ဒီနေ့ ဇူလိုင်(၁၄) ရက်နေ့ဟာ အသက်(၇၃) နှစ်ပြည့် မွေးနေ့ ဖြစ်ပါတယ်။ ဦးကျော်ဟိန်း အတွက် ကျန်ရစ်သူ မိသားစုဝင်တွေက ဇူလိုင်(၁၇) ရက်နေ့မှာ ရုပ်ရှင်အစည်းအရုံးကနေတဆင့် ကိုလူချောအဖွဲ့သားတွေ နဲ့ အတူ အလှူအတန်းတွေ လုပ်သွားမယ်လို့လည်း သိရပါတယ်။ 

ဦးကျော်သူပါဝင်တဲ့ နာရေးကူညီမှုအသင်းဟာ COVID-19 ကာလမှာ ဈာပနပို့ဆောင်ခြင်း၊ ရောဂါပိုးကာကွယ်ရေးအတွက် ဆေးဖြန်းခြင်း၊ မီးဘေးအန္တရာယ် တားဆီးရေး အတွက် ရေသယ်ကားများနဲ့ ကူညီပေးခြင်း၊ ရေရှားပါးတဲ့ ကျေးရွာတွေမှာ ရေအလှူပြုခြင်း စတဲ့ ကုသိုလ်ရေးတွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ သူနဲ့အတူ အနန္တမေတ္တာပရဟိတအဖွဲ့သားတွေကလည်း မေလ (၂၅) ရက်နေ့ နဲ့ (၂၆) ရက်နေ့တို့မှာလည်း စားဝတ်နေရေးအခက်အခဲ ကြုံနေရတဲ့ အနုပညာလောကသားတွေထဲက ဇာတ်ပို့ ဇာတ်ရံ သရုပ်ဆောင်တွေ၊ ဇာတ်ညွှန်းအလွှာက အနုပညာရှင်တွေအတွက် စားနပ်ရိက္ခာနဲ့ လူသုံးကုန် ပစ္စည်းတွေ လှူဒါန်းခဲ့တာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က