ဇာတ်ကား ရိုက်ခဲ့တုန်းက အမှတ်တရတွေ ပြောလာပါတယ်။

သရုပ်ဆောင် အလုပ် စလုပ်တုန်းက ဦးကျော်ဟိန်း ရွေးပေးတဲ့ ဇာတ်ကားတွေကို ရွေးရိုက်ခဲ့တယ်လို့ ဆိုပါတယ်။ 

Photo: Nay Chi



ခွန်းဆင့်နေခြည်ကတော့ ဝါရင့်သရုပ်ဆောင် ဦးကျော်ဟိန်းရဲ့ တပည့်အရင်း တစ်ဦးဖြစ်ပါတယ်။ ဦးကျော်ဟိန်းတစ်ယောက် အနုပညာအလုပ်တွေ ရပ်နားတော့မယ့် အချိန်မှာ တပည့်တွေကိုလည်း အနုပညာအလုပ် မလုပ်နိုင်ရင် ဆက်မလုပ်ဖို့ မှာခဲ့တယ်လို့ ခွန်းဆင့်နေခြည်က Duwun ကို ပြောပါတယ်။  

“ အနုပညာလောကထဲမှာ ဦးကျော် ရှိစဉ်တုန်းက ဦးကျော်ရဲ့ လက်အောက်မှာပဲ အစ်မတို့တွေ ရှင်သန်ခဲ့တယ်။ ၂၀၀၈ တုန်းက သူအနုပညာလောကထဲက ထွက်သွားတုန်းကဆိုရင် ရင်ထဲမှာ ခိုကိုးရာ မဲ့သွားသလို၊ အားကိုးရာ မဲ့သွားသလို စမ်းတဝါးဝါးတော့ ဖြစ်သွားစေတာပေါ့။ ဘာဖြစ်လို့လည်း ဆိုတော့ အစ်မတို့က ဦးကျော် မျက်နှာနဲ့ပဲ ရှင်သန်ရတဲ့ လူတစ်ယောက်လို ဖြစ်သွားတာကိုး။ ဇာတ်ကားကလည်း ဦးကျော်ရွေးပေးတဲ့ ဇာတ်ကားတွေကိုပဲ ရွေးချယ်ပြီးတော့ ရိုက်ရတာဆိုတော့ စိတ်ထဲမှာ ဟာတာတာကြီးဖြစ်သွားတယ်။ တပည့်တွေ အကုန်လုံးကိုလည်းပြောတယ်။ ဒီလောကမှာ နင်တို့ နံပါတ်(၁) ဖြစ်နိုင်မလားပေါ့။ ကိုယ့်ကိုယ်ကိုယ် တွေး.. ဖြစ်နိုင်ရင် ဆက်လုပ်၊ မဖြစ်နိုင်ရင် ဆက်မလုပ်နဲ့တော့ အပြင်လောကမှာ ရှင်သန်ကြဖို့ ပြောခဲ့တယ်။”လို့ သူက ဆိုပါတယ်။ 

Photo: Nay Chi

ခွန်းဆင့်နေခြည်ဟာ အနုပညာအလုပ်နဲ့ပတ်သက်လာရင် ဝါရင့်သရုပ်ဆောင် ကျော်ဟိန်းက သူမအတွက် ဆရာအရင်းတစ်ယောက်ပါလို့ ဆိုပါတယ်။ ဇာတ်ကား အတူတူ ရိုက်ခဲ့တုန်းက အမှတ်တရတွေကို တွေးတောရင်း ပြန်လည် ပြောပြလာပါတယ်။ 

“ အစ်မဆိုရင် အနုပညာအလုပ် စလုပ်တုန်းက နည်းနည်းပိန်းတယ်။ အစ်မကို သူ ဘယ်လို သင်ပေးရမလဲ ဆိုတာကို သူ စဉ်းစားတယ်။ အနု နည်းနဲ့ မဟုတ်ရင် အကြမ်းနည်းသုံးတယ်။ ဥပမာ ငိုတဲ့ အခန်းမှာဆိုရင် အစ်မက လုံးဝ ငိုလို့ မရဘူး။ မမို့တို့လည်းပါတယ်။ မမို့က သင်ပေးလိုက်မယ်ဆိုရင်လည်း ဦးကျော်က လက်မခံပဲ သူ့ရဲ့ အနားကို ခေါ်ပြီး တိုးတိုးလေး စကားပြောလာတယ်။ သူ ပြောပြီး မိနစ်ပိုင်းအတွင်းမှာ အစ်မက မျက်ရည် ပိုးပိုးပေါက်ပေါက်ကျလာတယ်။ လူတွေကလည်းသူ ဘာကြောင့် ဒီလို လုပ်နိုင်ရတာလဲ ဆိုပြီး စိတ်ဝင်စားကြတယ်။ အစ်မက မပြောပြဘူး ဒါက ဦးကျော်ရဲ့ အရည်အချင်း တစ်ခုပဲ” လို့လည်း ဆက်လက် ပြောပြခဲ့ပါသေးတယ်။ 

Photo: Nay Chi

ခွန်းဆင့်နေခြည်ကိုတော့ မိုင်တိုင်၂၆ ရုပ်ရှင်ဇာတ်ကားနဲ့ မိုင်တိုင် ၇၆ ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့ ကြတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားတွေကလည်းပရိသတ်အားပေးမှုများစွာနဲ့ အောင်မြင်ခဲ့တဲ့ ဇာတ်ကားတွေ ဖြစ်ပါတယ်။ သူ့အနေနဲ့ အခုလက်ရှိမှာအနုပညာအလုပ်တွေ သိပ်မလုပ်ဖြစ်တော့ဘူးလို့ သိရပါတယ်။ သူမဟာ သရုပ်ဆောင်ဘက်မှာသာမက စာလာလာမဖတ်နဲ့ တေးစီးရီးထွက်ရှိထားသူလည်း ဖြစ်ပါတယ်။ အဆိုတော် မင်းသမီး ခွန်းဆင့်နေခြည်ဟာ ကိုယ်လုံးကိုယ်ပေါက် လှပတဲ့အတွက်လည်း နာမည်ကြီးသူပါ။ အခုတော့ ဒါရိုက်တာ လုပ်ဖို့ စဉ်းစားနေပြီဖြစ်တာကြောင့် သူမရဲ့ ပရိသတ်တွေအတွက် ရသသစ်တွေခံစားရဦးမှာလည်း ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က