သူလေ့လာသင်ယူခဲ့တာတွေကို ပြောပြလာပါတယ်။

သရုပ်ဆောင် ကျော်ဟိန်း၊ သရုပ်ဆောင် ဒွေး တို့ရဲ့ တပည့်အရင်းဖြစ်ခဲ့ဖူးသူ ဖိုးကျော် က သူကိုယ်တိုင် သိခဲ့ရတဲ့ ဆရာ နှစ်ဦးရဲ့ စိတ်နေစိတ်ထားတွေကို ပြောပြလာပါတယ်။

photo: Phoe Kyaw



ဖိုးကျော်ဟာ ဦးကျော်ဟိန်းနဲ့ သရုပ်ဆောင် ဒွေး တို့ရဲ့ သားတပည့်အရင်း တစ်ယောက်ဖြစ်ပါတယ်။ ဖိုးကျော် အနေနဲ့ ဆရာနှစ်ဦးဆီက အနုပညာနဲ့ ပတ်သက်ပြီး အများကြီး သင်ယူလေ့လာခဲ့ရသလို ဒီလိုဆရာမျိုး သူသေရင်တောင် ထပ်ပြီး ပေါ်ပေါက်လာဦးမှာ မဟုတ်ဘူးလို့ ဖိုးကျော်က ဆိုပါတယ်။

 “ ဦးကျော်ကို ကျွန်တော် သဘောကျတာက အချိန်တိကျတာလည်း ပါတယ်။ သူ့ဆီမှာ ကျွန်တော် ကြိုက်တာ မကြိုက်တာ ရှိတယ်။ ကိုသားကြီးဆိုလည်း အတူတူပဲ။ ဦးကျော်တို့၊ ကိုသားကြီးတို့ ဆီကနေ ပညာရပ်တစ်ခု အနေနဲ့ ကျွန်တော် ကြိုက်တဲ့အရာဆို ယူတယ်၊ မကြိုက်တာဆိုရင် မယူဘူး။ လူတစ်ယောက်နဲ့ တစ်ယောက်က မတူဘူးလေ။ ဦးကျော်ရဲ့ အလုပ်အပေါ် တိကျမှုတွေမှာလည်း သူက အရာအားလုံးကို ဘဝနဲ့ ရင်းခဲ့တာ ခင်ဗျ။ ဒီစကားလုံးက စာနဲ့ရေးချရင်သာ လွယ်လွယ်လေး တကယ်လည်း ပေးဆပ်ရတာက မတန်တဆပဲ ။ သူ့လို လူမျိုးကို ရှာကြည့်ရင်လည်း ရှိမှ မရှိတာ။ ကျွန်တော် ထင်တာပြောရရင် ဦးကျော်လို လူမျိုး၊ ကိုသားကြီးလို လူမျိုးက ကျွန်တော်တို့ သေရင်တောင် ပေါ်ပေါက်လာမှာ မဟုတ်ဘူး” လို့ သူကဆိုပါတယ်။ 





photo: Phoe Kyaw

သရုပ်ဆောင် ဒွေးကတော့ ၂၀၀၇ ခုနှစ်၊ ဇူလိုင် ၁၁ ရက်နေ့မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ဒွေးကွယ်လွန်ပြီး (၁၃)နှစ်တိတိမှာ သရုပ်ဆောင် ကျော်ဟိန်းက ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့မှာ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ အနုပညာလောကသားတွေရဲ့ လေးစားမှုကို ယနေ့တိုင် ရရှိထားသူ တွေကို ဆုံးရှုံးလိုက်ရတဲ့ အပေါ် ဖိုးကျော်က အခုလို ပြောပြလာပါတယ်။ “ စကားပုံ တစ်ခုရှိတယ် တိုင်းပြည်တစ်ပြည်က သူတို့နဲ့ တန်တဲ့ ရှင်ဘုရင်ကိုပဲ ရတယ် ဆိုတာမျိုးပေါ့။ အနုပညာလောကလည်း အလားတူပဲ အနုပညာသမားတစ်ယောက်အနေနဲ့ ရပ်တည်ဖို့ဆိုတာက တန်သလောက်ပဲ ရမှာပေါ့။ မတန်လို့ ထွက်သွားကြတယ်လို့ပဲ မှတ်ပါတယ်။ လူတွေက မကောင်းမှ မကောင်းတာ၊ မကောင်းတော့ မတန်ဘူး။ လောက ကလည်း လူကောင်းတွေကို အကြာကြီးမထားပါဘူး။ ကျွန်တော်တို့ရှိတယ် ဆိုတာ ကျွန်တော်တို့က ညံ့သေးလို့ပါ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Kyaw Hein

ဖိုးကျော်ဟာ သရုပ်ဆောင် ကျော်ဟိန်း နဲ့ အတူ " လူမိုက် တစ်ရာ" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးခဲ့ဖူးသူ ဖြစ်ပါတယ်။ ဒါဟာ ပရိသတ်တွေ အားပေးမှု အခိုင်အမာ ရရှိခဲ့တဲ့ ဇာတ်ကား တစ်ကားပါ။ သူဟာ သရုပ်ဆောင် ဒွေး နဲ့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကား များစွာတို့မှာလည်း အတူတွဲ သရုပ်ဆောင်ခဲ့ ဖူးသူပါ။ ဖိုးကျော်ကတော့ ၂၀၀၆ ခုနှစ် အကယ်ဒမီထူးချွန်ဆုပေးပွဲကြီးမှာ " မျှော်လင့်ခြင်းများစွာ" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ဆောင်ဆုကို ရရှိခဲ့ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က