အိမ်ပိုင်မရှိတဲ့ ဘဝကို ကိုယ်ချင်းစာတယ်။

ဘေဘီမောင်က ကျူးကျော်တဲမှာ နေထိုင်နေရတဲ့ ဇာတ်ပို့သရုပ်ဆောင်ဇော်ကြီးကို တတ်နိုင်တဲ့ ငွေကြေးနဲ့ သွားရောက်လှူဒါန်းမယ်လို့ သိရပါတယ်။ ဒီလို ဒုက္ခရောက်နေတဲ့ အနုပညာရှင်တွေကိုလည်း ငွေကြေးချမ်းသာတဲ့ အနုပညာလောကသားတွေအနေနဲ့ တတ်နိုင်တဲ့ဘက်က ကူညီစေချင်တဲ့အကြောင်းပြောလာပါတယ်။

Photo: ဘေဘီမောင်

သရုပ်ဆောင် ဘေဘီမောင်ဟာ ဇာတ်ပို့၊ ဇာတ်ရံသရုပ်ဆောင် တစ်ယောက်လည်းဖြစ်၊ ကျူးကျော်တဲမှာ နေထိုင်နေရတဲ့ ဦးဇော်ကြီးရဲ့ စားဝတ်နေရေးအတွက် တတ်နိုင်တဲ့ ထောက်ပံ့ငွေကို ဇူလိုင်လ ၁၃ ရက်နေ့မှာ သွားရောက် လှူဒါန်းမယ်လို့ သိရပါတယ်။ ဒီလို လှူဒါန်းဖြစ်တဲ့အကြောင်းကိုလည်း Duwun Media ရဲ့ ဆက်သွယ်မေးမြန်းမှုမှာ အခုလိုပြောပြခဲ့ပါတယ်။

‘’အရင်တုန်းက ဘေဘီက ဒီနေ့ (ဇူလိုင်၁၂)ရက်နေ့မှာ လှူမလို့ ဒါပေမယ့် မေပန်းချီက သူလည်း လိုက်မယ်ဆိုပြီးတော့ သူလိုက်ရင် လိုက်ခဲ့မယ်။ ဘေဘီက အဆင်သင့်ဖြစ်ပြီးတော့ သူက အဆင်သင့်မဖြစ်မှာစိုးလို့။ ဦးဇော်ကြီး နေတဲ့ နေရာနဲ့ ဘေဘီတို့ အိမ်ဆောက်မယ့် နေရာနဲ့က နီးတော့ သွားလှူဖြစ်မှာပါ။ ဦးဇော်ကြီးက ကားရိုက်တုန်းကလည်း ဆုံဖူးတယ်။ ဖိုက်တင်ထိုးရတာပေါ့နော် မင်းသားနဲ့ကသာ အပေါ်ယံချသွားတာ။ သူတို့မှာတော့ တကယ်ကြိုးစားရတယ် ပြုတ်ကျရင်လည်း တကယ်ကို ပြုတ်ကျရတာ တစ်ခုခုဆို အမြဲတမ်း အထိနာတာပေါ့။ ဒီအလုပ်ကိုလည်း သူတို့ ဝါသနာကြီးလို့လုပ်တာ။ အခုဆိုကြည့် အိမ်တောင်မရှိဘူး။ ကျူးကျော်တဲမှာနေရတာဆိုတော့ ဦးဇော်ကြီး စိတ်ဓာတ်ဘယ်လောက်ကောင်းလဲ။ အင်တာဗျူးမှာ ဖြေသွားတာ သူတဲ့ ဒီနေရာကနေ ပြောင်းဆို ပြောင်းပေးမှာပါတဲ့ ကျူးကျော်ဖြစ်တဲ့အတွက် ကြောင့်မို့လို့ပေါ့။ သူ့ရဲ့ ခဏတာအခိုက်အတန့်မှာ ထုတ်လုပ်ရေးတွေရဲ့ ပေးစာကမ်းစာလောက်ပဲ စားနေရတာ အခက်အခဲဖြစ်နေပြီ။ ဘေဘီကလည်း နာမည်ကြီး မင်းသမီးမဟုတ်ဘူး၊ သူများတွေလောက်လည်း ဝင်ငွေကောင်းတာမဟုတ်ဘူး ဒါပေမယ့် ကိုယ်ချင်းစာစိတ်ရှိပါတယ်။ ဒါပေမယ့် ကိုယ့်ရုပ်ရှင်လောကသားတွေ ဒုက္ခရောက်နေကြတာကို ဘေဘီ မမြင်ရက်ဘူး’’ လို့ ဆိုပါတယ်။

Photo: ဘေဘီမောင်

သူမကိုယ်တိုင်ကလည်း အိမ်ပိုင်မရှိတဲ့ ဘဝကို ဖြတ်သန်းလာရသူဖြစ်တာကြောင့် ဇာတ်ပို့ဇာတ်ရံ ဦးဇော်ကြီးရဲ့ ဘဝအနေအထားကို ခံစားနားလည်မိတယ်လို့ ဆိုပါတယ်။ သူများမိသားစုရဲ့ အိမ်ပိုင်လေးတွေကို ကြည့်ပြီး အားကျခဲ့ရတာမျိုးတွေရှိတယ်လို့ ဘေဘီမောင်က ပြောပါတယ်။

‘’ဘေဘီတို့က အိမ်ပိုင်ရာပိုင် မရှိတဲ့ ဘဝကို ကိုယ်ချင်းစာတယ်လေ။ ဘေဘီတို့ ငယ်ငယ်လေးကတည်းက ဝန်ထမ်းမိသားစုဆိုတော့ အိမ်ပိုင်ရာပိုင်မရှိဘူး၊ လိုင်းခန်းမှာနေရတယ်။ ငယ်ငယ်တုန်းကဆိုရင် ရဲလိုင်းခန်းမှာနေပေမယ့် ရပ်ကွက်ထဲသွားလို့ရှိရင် သူများအိမ်လေးတွေကြည့်ပြီး အားကျတာ။ အမေနဲ့ဆိုအမြဲပြောတယ်။ ဒီလို အိမ်လေးတစ်အိမ်လောက်ပိုင်ရင် ကျေနပ်ပါပြီလို့ ပြောဖူးတာပေါ့နော်။ သရုပ်ဆောင် ဘက်ကို ရောက်လာတဲ့ အခါမှာ အလုပ်လေးဘာလေး အဆင်ပြေတယ်။ မိသားစုတွေ အတူတူအလုပ်ကြိုးစားကြတော့ အခုလို အိုးပိုင်၊ အိမ်ပိုင်လေးဖြစ်လာတာပေါ့နော်။ ကိုယ်က အောက်ခြေက လာတဲ့အတွက် အဆင်မပြေတဲ့သူတွေကို သနားတယ်’’ လို့ သူကဆိုပါတယ်။

Photo: ဘေဘီမောင်

ဦးဇော်ကြီးလိုပဲ အနုပညာလောကထဲမှာ စားဝတ်နေရေး အခက်အခဲဖြစ်နေကြသူတွေ အများကြီးပါ။ ဒီလို အနုပညာသမားတွေကိုလည်း လက်ရှိမှာ အောင်မြင်မှုတွေရနေတဲ့ အနုပညာသမားတွေက တတ်နိုင်သမျှ ပံ့ပိုးကူညီစေချင်တယ်လို့ ဘေဘီမောင်က ပြောပါတယ်။

‘’အခုဆိုရင် ဘေဘီတို့ထက် ဇာတ်ကားအရိုက်များပြီးတော့ ပိုက်ဆံတွေ အများကြီးရနေတဲ့ မင်းသားမင်းသမီးက အများကြီးပါ ကိုယ့်ထက်လည်း ချမ်းသာပါတယ်။ သူတို့က သူတို့အောင်မြင်မှုနဲ့ သူတို့ ရုပ်ရှင်ကားတွေ အများကြီးရိုက်တယ်၊ အောင်မြင်နေတာမှန်တယ်။ ဒါပေမယ့် တစ်ချက်လောက်တော့ အလုပ်တွေ အားတဲ့အချိန်မှာ အင်တာနက်တော့ သုံးမှာပဲ။ သတင်း Page တွေမှာ ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင်တွေ၊ လူကြမ်းသရုပ်ဆောင်တွေ အောက်မှာ ဘာတွေဖြစ်နေသလဲဆိုတာ ရိုက်ပြထားပါတယ်။ ကြည့်ပြီးတော့ သွားရောက်ကူညီပေးစေချင်တယ်။ ကိုယ့်ရဲ့ အနုပညာလောကထဲမှာ တကယ်ကို ဒုက္ခရောက်နေတဲ့ လူတွေကို တစ်ချက်လောက်တော့ ငဲ့ကြည့်သင့်ပါတယ်လို့ ဘေဘီပြောချင်ပါတယ်’’ လို့ ဆက်လက်ပြောပြထားပါတယ်။

Photo: ဘေဘီမောင်

ဘေဘီမောင်က အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး တဖြည်းဖြည်းဆောင်ရွက်လာသူတစ်ယောက်ပါ။ အနုပညာအလုပ်တွေ အပြင် ကိုယ်ပိုင်စီးပွားရေးကိုလည်း ဆောင်ရွက်နေရသူတစ်ယောက်ပါ။ ဒါအပြင် သူမက အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတဲ့ မင်းသမီးချောလေး တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ 

Share

Loading Next Article...
က္က