မေလ လဆန်းပိုင်းမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကျင်းပမယ့် ရက်ကို မတ်လ အတွင်း မဟုတ်တော့ပဲ မေလ (လဆန်း)မှာ ကျင်းပသွားမယ်လို့ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ဦးညီညီထွန်းလွင်က ပြောပါတယ်။ 



Photo: Academy

၂၀၁၉ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲကျင်းပဖို့ ရက်အနည်းငယ်ရွှေ့ဆိုင်းလိုက်တဲ့အကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဌဖြစ်သူ ဦးညီညီထွန်းလွင်က ပြောပါတယ်။ ပွဲကျင်းပမယ့်ရက်ကိုတော့ သင်္ကြန်အပြီး မေလအတွင်းမှာ စီစဉ်သွားဖို့များတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

“ဝူဟန်ဗိုင်းရပ်စ်ကြောင့် WHO ကလည်း သတိပေးထားတယ်။ မြန်မာနိုင်ငံရဲ့ ကျန်းမာရေး ဝန်ကြီး ဌာနကလည်း ထုတ်ပြန်ထားတယ်။ လူစုလူဝေး ပွဲတွေ မလုပ်ကြဖို့ ပေါ့။ ဒါကြောင့် အကယ်ဒမီပေးပွဲကို တာဝန်ရှိသူလူကြီးတွေ အကုန်လုံးတိုင်ပင်ပြီး ရွေ့ဆိုင်းလိုက်တယ်။ အကယ်ဒမီ ပေးပွဲကို မိုးမကျခင်လုပ်လို့ အဆင်ပြေမယ်ထင်တယ်။ မေလ လောက်ပေါ့နော်။ မေလဆန်းလောက်ဆို လုပ်လို့အဆင်ပြေတယ်ဆိုပြီးတော့ ညှိနှိုင်းဆုံးဖြတ်ထားပါတယ်။ အကယ်ဒမီအကဲဖြတ်အဖွဲ့ဝင်တွေကလည်း ဇာတ်ကားတွေ အကုန်ကြည့်ပြီးသွားပြီ။ နောက်ဆုံးအနေနဲ့ စာအိတ်ပိတ်ဖို့ စောင့်နေကြတာပေါ့။ ရက်သာရွှေ့ထားတာ ကျန်တာတွေကတော့ ကိုယ့်အလုပ်ကိုယ် ဆက်လုပ်နေကြမှာ။ Sponsor ပေးထားတဲ့ Bella နဲ့လည်း နေရာတွေ အပြင်အဆင်တွေ ညှိနှိုင်းသွားဖို့ရှိပါတယ်”လို့ သူကဆိုပါတယ်။ 

Photo: Academy

အကယ်ဒမီဆုပေးပွဲကိုတော့ မတ်လ ၂၉ နေ့ပြည်သူ့ရင်ပြင်မှာ ကျင်းပပြုလုပ်ဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။ ပြည်သူ့ရင်ပြင်မှာ လုပ်တာ ဒီတစ်ခေါက်ကတော့ ဒုတိယအကြိမ်မြောက်ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် ရုပ်ရှင်ထူး ချွန်ဆုပေးပွဲတုန်းကလည်း ပြည်သူ့ရင်ပြင်မှာ ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခဲ့တာပါ။

၂၀၁၉ ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆု ပေးပွဲ ကြီးကတော့ ရုပ်ရှင် နှစ်တစ်ရာပြည့် အထိမ်းအမှတ်တွေရှိတာကြောင့် ဘယ်လိုထူးခြားမှုတွေ ဖြစ်လာမလဲ၊ ဘယ်အနုပညာရှင်တွေက အကယ်ဒမီဆုတွေ ဆွတ်ခူးသွားမလဲ ဆိုတာကိုလည်း ပရိသတ်တွေက ရင်ခုန် စိတ်လှုပ်ရှားစွာ စောင့်မျှော်နေရတဲ့ နှစ်ဖြစ်ပါတယ်။ ဒီနှစ်ရွှေကြိုမှာတော့ အနုပညာအသိုင်းအဝိုင်းက မျိုးစက်သစ်တွေမဟုတ်ပဲ အပြင်လောက က အနုပညာဝါသနာရှင်လေးတွေသာ ပါဝင်သွားမယ်လို့ သိရပါတယ်။ 


Photo: Academy

၂၀၁၉ ခုနှစ် အကယ်ဒမီ ပေးပွဲကို Main Sponsor အဖြစ် Bella မှာ ပံ့ပိုးကူညီပေးသွားမှာဖြစ်ပါတယ်။ အကယ်ဒမီပေးပွဲကြီးရဲ့ အခမ်းအနားပြင်ဆင်မှုတွေကိုတော့ Star Event Production မှာ CEO ကိုဂျွန်လွင်ကိုယ်တိုင်က စီစဉ်ပေးသွားမယ်လို့ သိရပါတယ်။ ၂၀၁၆ အကယ်ဒမီပေးပွဲတုန်းကလည်း Bella မှာ ပံ့ပိုးပေးခဲ့တာဖြစ်ပြီး ကိုဂျွန်လွင်က စီစဉ်ပေးခဲ့တာဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က