သမီးကောင်းတစ်ယောက်ဖြစ်ချင်တယ်။

ဘေဘီမောင်ကတော့ မိဘနှစ်ပါးအတွက် သမီးကောင်းတစ်ယောက်ဖြစ်ချင်တယ်လို့ဆိုပါတယ်။ သူကိုယ်တိုင် ကြိုးကြိုးစားစား ရှာဖွေခဲ့တဲ့ ငွေတွေနဲ့ မိဘကို ကိုယ်ပိုင်အိမ်လေး၊ ကိုယ်ပိုင်စီးပွားရေးလေး ထူထောင်ပေးမယ်လို့ ဆိုပါတယ်။

သရုပ်ဆောင် ဘေဘီမောင်ဟာ မိဘနှစ်ပါးအတွက် အိမ်လေးတစ်အိမ် ဆောက်ပေးထားတယ်လို့ ဆိုပါတယ်။ အိမ်ဆောက်တဲ့ အချိန်မှာလည်း ဝေဖန်မှုတွေ ခံခဲ့ရတာ စိတ်မကောင်းဖြစ်ရတယ်လို့ မီဒီယာ အင်တာဗျူးတွေကနေ ဖြေဆိုခဲ့ပါတယ်။



‘’ တကယ်တော့ ဘေဘီက ချမ်းသာလို့ နေရာကောင်းမှာလုပ်တာလည်းမဟုတ်။ ကွင်းလယ်ထဲမှာ ဆောက်ထားတဲ့ အိမ်ပါ။ အထင်တွေကြီးကြတယ်။ အထင်ကြီးတဲ့နောက်ကွယ်မှာ ကိုယ့်ရဲ့ ဂုဏ်သိက္ခာတရားတွေ ပါလာပြီလေ။ တကယ်တော့ ဘေဘီ့မိသားစု လိုင်းခန်းမှာနေရတာကနေ အဆင့်နည်းနည်းလေး မြင့်သွားတယ်ဆိုတဲ့ သဘောပဲရှိတာပါ။ အဲဒါကိုတချို့က အကောင်းစား အမိုက်စားထင်ပြီးတော့ ဘယ်ကပိုက်ဆံရတာလဲ၊ ဘာလဲဆိုတာတွေ ဖြစ်နေတာကိုတော့ စိတ်မကောင်းပါဘူး’’ လို့ ဆိုပါတယ်။

မိသားစုအတွက် ကိုယ်ပိုင်အိမ်လေးတစ်လုံးဖြစ်လာဖို့ အလုပ်တွေ အများကြီး ကြိုးစားခဲ့ရတယ်လို့ ဘေဘီမောင်က ပြောပါတယ်။ ကြိုးစားနေတဲ့အချိန်မှာလည်း ကိုယ့်ကိုယ်ကိုယ် သရုပ်ဆောင် တစ်ယောက်ဆိုတာကို မေ့ပြီး အလုပ်လုပ်ခဲ့ရတယ်ဆိုတာကို နိုဝင်ဘာလ ၅ ရက်နေ့က ‘’ရိုးမပေါ်ကျတဲ့ မျက်ရည်’’ရုပ်ရှင်အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

‘’ ဒီအနုပညာအလုပ်တစ်ခုတည်း မဟုတ်ဘူး။ အပြင်စီးပွားရေးလုပ်တဲ့အချိန်မှာလည်း ကိုယ်သရုပ်ဆောင်လုပ်ခဲ့တာကို မေ့ပြီးတော့ ကိုယ်ရှေ့ထွက်သင့်ရင် ရှေ့ထွက်ပြီးတော့ လုပ်ခဲ့ရတယ်။ ဘေဘီဝယ်ထားတဲ့ မြေကွက်နားမှာဆိုရင် စက်ရုံတွေရှိတော့ အထည်တွေရောင်းတယ်။ အများကြီးလုပ်ခဲ့ရတယ်။ ကိုယ် စီးပွားရေးလုပ်နိုင်တဲ့အချိန်မှာ အပင်ပန်းခံပြီးတော့ အလုပ်တွေလုပ်ပြီးတော့ အိမ်လေးရအောင် မနည်းကြိုးစားခဲ့ရပါတယ်။ အခုလည်း အိမ်က အရစ်ကျပေးနေရတဲ့အချိန်မှာ ခေါင်းတွေလည်းကြီးပါတယ်။ ပင်ပန်းပါတယ်’’ ဆိုပြီးတော့ သူကပြောပါတယ်။

ဘေဘီမောင်ဟာ မိသားစု အပေါ်ထားတဲ့ သူမရဲ့ ရည်ရွယ်ချက်ကိုလည်း ပြောပြလာပါတယ်။ မောင်နှမတွေထဲမှာလည်း သမီးအကြီးဆုံးဖြစ်တာကြောင့် မိဘအတွက် သမီးကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားနေတယ်လို့ ပြောပါတယ်။

‘’ အမေ့အတွက် အိမ်ပြီးသွားပြီဆိုရင်တော့ စီးပွားရေးလေးအတွက် အခြေကျမယ့်စီးပွားရေးလေးလုပ်ပေးမယ်။ ကိုယ့်မှာ မိဘတွေ ၊ မောင်လေး၊ ညီမလေးရှိတဲ့အတွက်ကြောင့်မို့လိုပ အစ်မကြီး အမိအရာအနေနဲ့ အိမ် နဲ့တင်မပြီးသေးပဲ တစ်လကို ၅ သိန်း၊ ၁၀ သိန်းလောက် ဝင်ငွေရှိတဲ့ အလုပ်လေးကို အမေ့အတွက် လုပ်ပေးချင်ပါသေးတယ်’’ လို့ သူကဆိုပါတယ်။ 

ဘေဘီမောင်က အနုပညာအလုပ်တွေနဲ့ ပတ်သက်ပြီး တဖြည်းဖြည်းဆောင်ရွက်လာသူတစ်ယောက်ပါ။ အနုပညာအလုပ်တွေ အပြင် ကိုယ်ပိုင်စီးပွားရေးကိုလည်း ဆောင်ရွက်နေရသူတစ်ယောက်ပါ။ ဒါအပြင် သူမက အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတဲ့ မင်းသမီးချောလေး တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ လက်ရှိမှာလည်း သူမဟာ သရုပ်ဆောင် မင်းရာဇာ၊ နဒီဝင့်နိုင်၊ အားသစ် တို့နဲ့အတူဇာတ်ကားရိုက်ကူးနေတာ တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က