ကိုတိုးရဲ့ကာရိုက်တာဖြစ်ဖို့ တော်တော်ကြိုးစားခဲ့ရတယ်။

အိန္ဒြာကျော်ဇင်ဟာ ''ရိုးမပေါ်ကျတဲ့ မျက်ရည်''ရုပ်ရှင်ဇာတ်ကားထဲက ကိုတိုး တစ်ယောက်ဖြစ်လာဖို့အတွက် ဆေးလိပ်သောက်တာ၊ ကွမ်းစားတာတွေကို ခက်ခက်ခဲခဲလေ့ကျင့်ခဲ့ရပါတယ်တဲ့။ အပြင်မှာ တကယ်ရှိတဲ့ ကိုတိုးနဲ့လည်း ခင်မင်ခဲ့တယ်လို့ ပြောပါတယ်။

အိန္ဒြာကျော်ဇင်ကတော့ ပရိသတ်တွေကြားမှာ ရေပန်းစားနေတဲ့ ကိုတိုး ကာရိုက်တာအကြောင်း ပြောပြခဲ့ပါတယ်။ ကိုတိုး တစ်ယောက်ဖြစ်လာဖို့အတွက် ကွမ်းလည်းစားရတယ်၊ ဆေးလိပ်လည်းသောက်ရတယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။



‘’ ကိုတိုးကာရိုက်တာကကျတော့ အရင်ခေတ်က ပုံစံဖြစ်ရမယ်။ ကျောင်းဆရာကာရိုက်တာဖြစ်ရမယ်၊ အပြင်မှာလည်း တကယ့် ကိုတိုးက အခုထိရှိတယ်လေ။ တကယ့် ကြမ်းကြမ်းရမ်းရမ်း။ ကိုတိုးရဲ့ ပုံစံက တကယ့်ကို လုံးဝ ယောကျ်ားလေးပဲ။ သူက ကွမ်းစားတယ်၊ ဆေးလိပ်သောက်တယ်၊ အရက်သောက်တယ်။ အဲဒီလို ပုံစံမျိုး အတိုင်း လိုက်လုပ်ဖို့အတွက်က ခဲယင်းတယ်လေ’’ ဆိုပြီးတော့ နိုဝင်ဘာလ ၄ ရက်နေ့ညက ''ရိုးမပေါ်ကျတဲ့ မျက်ရည်''ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။

ကိုတိုး ပုံစံအစစ်ဖြစ်လာဖို့ကိုလည်း အများကြီး လေ့ကျင့်ယူခဲ့ရတယ်လို့ အိန္ဒြာကျော်ဇင်က ပြောပါတယ်။ ဒီကာရိုက်တာကလည်း ခက်ခဲတယ်လို့ ဆိုပါတယ်။

‘’အစ်မလည်း ပုံစံပြောင်းယူရတာပေါ့။ ရွာမှာနေတယ် ကျောင်းဆရာ ခပ်ကြမ်းကြမ်းဆိုတော့ ညိုညစ်ညစ် ပုံစံမျိုးလုပ်ရတယ်။ မိတ်ကပ်အညိုကို ပေါ်တဲ့နေရာတိုင်း လိမ်းရတာပေါ့။ ကွမ်းစားတဲ့အခါကျတော့လည်း သွားတွေ နီနေအောင်အမြဲတမ်းကွမ်းဝါးနေမှ ကွမ်းစားတဲ့ သွားဖြစ်အောင်လို့လေ့ကျင့်ရတာပေါ့။ ပထမဆုံးစားတဲ့အချိန်မှာ မူးတယ်။ဆေးပေါ့လိပ်သောက်တဲ့အချိန်မှာလည်း အဲဒီလိုပဲ သောက်သောက်ချင်းမူးတယ်။ တော်တော်လေး လေ့ကျင့်ခဲ့ရတယ်။ ရိုက်ကွင်းပေါ်ရောက်တဲ့ အချိန်မှာလည်း အဝတ်အစားတွေရဲ့ ပံ့ပိုးမှုလည်း ပါတာပေါ့နော်'' လို့ သူကဆိုပါတယ်။

အဲဒီနောက် အပြင်မှာ တကယ်ရှိတဲ့ ကိုတိုးနဲ့လည်း ရင်းနှီးခွင့်ရခဲ့တဲ့ အကြောင်းတွေကို အိန္ဒြာကျော်ဇင်က ပြန်လည်ပြောပြခဲ့ပါတယ်။

'' သူက ဘယ်လိုနေတယ်၊ ဘယ်လိုထိုင်တယ်၊ ဘယ်လိုတွေ ကြမ်းတယ်ဆိုတာက အစ ပြောပြတယ်။ အရမ်းခင်စရာကောင်းတယ်။သူယူထားတဲ့ မိန်းမနဲ့လည်း မိတ်ဆက်ပေးတယ်။ အရက်သောက်တဲ့ အခန်းတွေ၊ ဆေးလိပ်သောက်တဲ့ အခန်းတွေ ဆင်ဆာဖြတ်တဲ့အထဲမှာ အများကြီးပါသွားတယ်။ နှမြောတာပေါ့နော်'' ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

အိန္ဒြာကျော်ဇင်ရဲ့အနုပညာသက်တမ်းကတော့ အနှစ် ၂၈ နှစ် ကျော်ပြီဖြစ်ပါတယ်။သူမဟာ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ကားကြီးပေါင်း များစွာတို့ကိုလည်း ရိုက်ကူးထားသူတစ်ယောက်ပါ။ ဒီနေ့အချိန်ထိ ပရိသတ်အခိုင်အမာနဲ့ အောင်မြင်မှုရရှိနေတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။သူမဟာ ၂၀၀၄ ခုနှစ်မှာ "မျက်နှာများတဲ့ မိုးကောင်းကင်"၊ ၂၀၁၇ခုနှစ်မှာ "ရင်ဘက်ထဲကဓား" တို့နဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့သူပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က