ရုပ်ရှင်ရိုက်ထားတာတောင် ဇာတ်ကားထွက်လာမှ သိရတာ။

နေမျိုးအောင်ကတော့ သားဖြစ်သူ မင်းထိုက်ဟာ အနုပညာအလုပ်နဲ့ ပတ်သက်လာရင် ကိုယ့်အားကိုယ်ကိုးတတ်တဲ့သူပါလို့ ဆိုပါတယ်။ ဖခင်ကို အားမကိုးပဲ ကိုယ်တိုင်ကြိုးစားမှုနဲ့ အလုပ်တွေ လုပ်နေရတဲ့ အပေါ်မှာ ဝမ်းသာပီတိဖြစ်တဲ့အကြောင်းတွေ ပြောပြလာပါတယ်။ 

Photo: Min Htike



သရုပ်ဆောင် နေမျိုးအောင်ဟာ သားဖြစ်သူ မင်းထိုက်က အနုပညာအလုပ်ကို အများကြီး တန်ဖိုးထားတယ်လို့ ဆိုပါတယ်။ ဖခင်ကို အားကိုးမယ့်အစား ကိုယ့်အားကိုယ်ကိုးတတ်တဲ့သူဖြစ်တယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

“ သားက ရွှေကြိုကို နှစ်တိုင်းဝင်လျှောက်တယ်၊ အစ်ကို့ကိုလည်း အသိမပေးဘူး၊ သူ့အမေကိုလည်း အသိမပေးဘူး။ ကြိမ်နှုန်း ဇာတ်ကားမှာ ပါတုန်းကလည်း အစ်ကို့ကို အသိမပေးဘူး။ ဒါကတော့ သူ့ရဲ့ ကြိုးစားမှုပေါ့နော် သူဝါသနာပါတဲ့ အနုပညာအလုပ်ကိုလည်း တန်ဖိုးထားတယ်။ သူပါတဲ့ ဇာတ်ကားထွက်လာမှ ဖေဖေ မေမေ ဒီဇာတ်ကားထဲမှာ သားပါတယ် ဆိုတော့မှ သြော်..ဟုတ်လား အေးပေါ့။ ဒါပဲ ပြောစရာရှိတော့တယ်လေ” လို့ သူက ပြောပါတယ်။ 

Photo: Min Htike

ယနေ့ခေတ်မှာတော့ အနုပညာအလုပ်လုပ်ချင်တဲ့ လူငယ်တွေအတွက် အခွင့်အရေးတွေ အများကြီးရှိတယ်လို့ နေမျိုးအောင်က ပြောပါတယ်။ တစ်နှစ်တစ်ခါ ကျင်းပပြုလုပ်တဲ့ ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ရွှေကြိုတစ်ယောက် ဖြစ်တာနဲ့ သရုပ်ဆောင်လောကထဲကို ဝင်ရောက်ဖို့ လွယ်တယ်လို့ သူကဆိုပါတယ်။ 

“ အစ်ကိုတို့တုန်းကဆိုရင် ရွှေကြိုဆိုတာမျိုး အခွင့်အရေးမရခဲ့ဘူး။ အစ်ကိုတို့က ဗီဒီယိုဇာတ်ကားတွေကနေပြီးတော့ စပြီးတော့ လျှောက်လှမ်းရတာဆိုတော့ အခုခေတ် လူငယ်တွေ၊ အနုပညာကို ဝါသနာပါတဲ့ မျိုးဆက်သစ်တွေအတွက် အခွင့်အလမ်းတွေ အများကြီး ရှိလာပါတယ်။ ရွှေကြိုဆိုရင်လည်း ပါသွားရင် ပါသွားတဲ့အလျှောက် အခွင့်အရေးရတယ်၊ ကြိုးလည်း ကြိုးစားရမှာပေါ့” လို့ ဆိုပါတယ်။ 

Photo: Min Htike

သားဖြစ်သူ မင်းထိုက်ကိုလည်း နေမျိုးအောင်က ရွှေကြိုမောင် တစ်ယောက်ဖြစ်စေချင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် မင်းထိုက်ဟာ အနုပညာအလုပ်တွေ လုပ်နေရပြီ ဖြစ်တာကြောင့် နေမျိုးအောင်ဟာ ဖခင်တစ်ယောက်အနေနဲ့ သားကို သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်ဖို့အတွက် သင်ပြ၊ ဆုံးမ တာမျိုးတွေပဲ လုပ်ဖြစ်တယ်လို့ ဆိုပါတယ်။ 

“ အစ်ကိုကတော့ အနုပညာအလုပ်နဲ့ ပတ်သက်လာရင် သူ့ကို လမ်းကြောင်းမှန်ပေါ်ပဲ တင်ပေးမှာပါ။ အနုပညာသမားတစ်ယောက်ရဲ့ သားဖြစ်လို့ မင်းသား၊ မင်းသမီးဖြစ်မယ်ဆိုတာကိုတော့ မရှိပါဘူး။ အနုပညာလောကထဲမှာ အရမ်းတော်တဲ့သူတွေကို လက်ချိုးရေတွက်လို့ရပါတယ်။ သူတို့ကလည်း အခုချိန်ထိ တန်ဖိုးရှိတဲ့ သူတွေပါပဲ” ဆိုပြီးတော့ ဇန်နဝါရီလ ၂၇ ရက်နေ့က ရွှေကြိုလူတွေ့စစ်ဆေးတဲ့နေ့မှာ အကဲဖြတ်ဒိုင်အဖြစ် တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: M2K

မင်းထိုက်ကိုတော့ Star Awards ဆုရွေးချယ်ပွဲမှာ ဗန်းကိုင် တစ်ဦးအဖြစ်ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အခုလက်ရှိမှာလည်း ဖခင်ဖြစ်သူ နေမျိုးအောင်နဲ့အတူ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးနေတာကို တွေ့ရပါတယ်။

နေမျိုးအောင်ဟာ အနုပညာလောကထဲကို စတင်ဝင်ရောက်လာချိန်တုန်းက စီနီယာ ဆရာသမားတွေအနောက်ကနေ လွယ်အိတ်တစ်လုံး လွယ်ရင်း မှတ်တမ်းရေး၊ Edit ဖြတ် ဆိုတဲ့ အနေအထား တစ်ခုကနေ ဒီနေ့ ဒီအချိန်ထိ အနုပညာလောကမှာ ရပ်တည်နိုင်အောင် ပရိသတ်က နေရာပေးခဲ့တာပါလို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။သူဟာ အက်ရှင်မင်းသားတစ်ယောက်အဖြစ် နယ်ပရိသတ်အားပေးမှု နဲ့ အောင်မြင်ခဲ့တဲ့ မင်းသားတစ်ယောက်ဖြစ်ပါတယ်။ အခုဆိုရင် ရန်ကုန်ပရိသတ်တွေရဲ့ အားပေးမှုလည်း ရရှိနေတာဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးနေရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က