ဂယက်ထသွားတယ်။
Sabal Thwin

ဆောင်းယွန်းစံဟာ မိန်းကလေးချင်းကြိုက်တဲ့ MTV တစ်ပုဒ် ရိုက်ပြီးခဲ့တဲ့နောက်မှာတော့ သူမကို အထင်သေးပြီး လာစမ်းသပ်ကြတဲ့လူတွေရှိတယ်လို့ဆိုပါတယ်။ ဒါပေမယ့် သူမ မိဘရဲ့ သိက္ခာနဲ့ အနုပညာအလုပ်ကို တန်ဖိုးထားတဲ့အတွက် ငြင်းဆိုလိုက်တယ်လို့ ပြောပါတယ်။ 

ဆောင်းယွန်းစံကတော့ လက်ရှိမှာ သူမကို ချစ်တဲ့ ပရိသတ်တွေ အခိုင်အမာ ရရှိထားတဲ့ မင်းသမီးချောလေး တစ်ယောက်ပါ။ သူမမိဘတွေရဲ့ သိက္ခာကို ထိန်းရမယ် ဆိုတဲ့ စိတ်နဲ့ အနုပညာ အလုပ် တွေကို ကောင်းတဲ့နည်းလမ်းနဲ့ပဲ ဖြတ်သန်းသွားမယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။  

“ ဆောင်းရဲ့ အဖေသည် ဆောင်းတို့မြို့မှာ ကျူရှင်ဆရာ၊ ဆရာတစ်ယောက်ဖြစ်တဲ့အတွက် ကိုယ်မဟုတ်တာ တစ်ခုခု လုပ်ခဲ့ရင် အရှက်ကွဲမှာက ဆောင်းရဲ့ အဖေလေ။ အဓိက က ဆောင်းအဖေရဲ့ သိက္ခာကို ထိန်းတယ်။ အဖေ့ကြောင့်ပဲ အများကြီး ဆင်ခြင်တယ်။ အလွယ်လမ်းတွေ၊ ဖြတ်လမ်းတွေ အများကြီးရှိတာပဲ လေ။ ဆောင်းသည် တခြားယောကျ်ားတစ်ယောက်နဲ့ နာမည်ပျက်မဖြစ်ရဘူး၊ မိဘတွေရဲ့ ဂုဏ်သိက္ခာကို ထိန်းရမယ်ဆိုတဲ့ စိတ်နဲ့ ရှောင်သင့်တာ ရှောင်တယ်” လို့ သူကဆိုပါတယ်။

ဆောင်းယွန်းစံကိုတော့ “တစ်ဦးတည်းသော” ဆိုတဲ့ Music Video လေးကနေတဆင့် ပရိသတ်တွေ ပိုပြီး သတိထားမိခဲ့တာပါ။ ဒီ Music Video ကလည်း မိန်းကလေးနှစ်ယောက်ရဲ့ ချစ်ခြင်းကို ဖော်ကျူးထားတဲ့ ပုံရိပ်လေးတွေ ပါဝင်တာကို တွေ့ရပါတယ်။ ဒီသီချင်းကို သီဆိုတာကလည်း သူမရဲ့ သူငယ်ချင်းဖြစ်တာကြောင့် လက်ခံရိုက်ကူးခဲ့တာပါတဲ့။ သီချင်းလေးထွက်ပြီးတဲ့ အချိန်မှာ သူမအပေါ် အထင်သေးတဲ့ သူတွေရှိလာခဲ့တယ်လို့ ရင်ဖွင့်ပြောပြလာပါတယ်။ 

“ ဆောင်း မိန်းကလေးချင်းကြိုက်တဲ့ MTV လေး တစ်ပုဒ်ရိုက်လိုက်တယ်။ အဲဒီအတွက် ဆောင်းကို တချို့တွေက စမ်းသပ်ကြတယ်။ MTV တစ်ပုဒ်ရိုက်မယ် နင်တောင်းသလောက် ငါတို့ ပေးမယ်ဆိုတဲ့ ပုံစံမျိုး၊ ပိုက်ဆံရလို့ ရိုက်တဲ့အထဲမှာ ဆောင်း မပါဘူး။ သူကတော့ အဲဒီလို ရိုက်တာပဲ ငါတို့ ခေါ်လို့ရတယ်၊ ပိုက်ဆံပေးပြီး ရိုက်တာပဲ ဆိုပြီးတော့ မောက်မာတဲ့သူတွေရှိတယ်” လို့ ဆက်လက်ပြောပြခဲ့ပါတယ်။

မိန်းကလေးချင်း ကြိုက်တဲ့ MTV ကို ရိုက်ပြီးတဲ့နောက် လုပ်ငန်းရှင်တချို့ရဲ့ မထီမဲ့မြင်ပြုမှုတဲ့ လုပ်ရပ်တွေကို ကြုံခဲ့ရတယ်လို့ ဆောင်းယွန်းစံက ပြောပါတယ်။ တောင်းသလောက် အနုပညာကြေးပေးပြီး MTV တစ်ပုဒ်ရိုက်မယ်၊ ဒီ MTV ထဲမှာ အဆိုတော် တစ်ယောက်နဲ့ ကုတင်ပေါ်က အခန်းတွေလည်း ပါမယ်လို့ အပြောခံလိုက်ရတဲ့အကြောင်းတွေကိုလည်း သူက ပြောလာပါတယ်။ 

“ အဲဒီလို အပြောခံရတာတွေကို ဆောင်း ရှက်ပါတယ်။ ငါလည်း ဒီလို ပိုက်ဆံယူပြီးတော့ လုပ်နေတဲ့သူလည်း မဟုတ်ဘူး။ စပွန်ဆာတွေထားပြီး ကိုယ့်အာရုံမှာ ရှုပ်ရှက်ခတ်နေရလောက်အောင် မလုပ်ဘူး။ ကိုယ်တိုင်လည်း ဘာမှ အရှုပ်အရှင်းမရှိဘူး။ ကိုယ်လည်း ပေါ်ပေါ်လော်လော်တွေ ဝတ်နေတာလည်း မဟုတ်ဘူး အဲဒီအတွက် ဆောင်း ရှက်တယ်။ အဲဒီ MTV လေးရိုက်လိုက်တဲ့အတွက် အနောက်မှာ ဂယက်တွေ အများကြီး ထတယ်။ အရမ်းအထင်သေးခံရတယ် "လို့ ဇန်နဝါရီလ ၂၇ ရက်နေ့ က ရွှေကြို လူတွေ့စစ်ဆေးမှုကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။ 

ဆောင်းယွန်းစံဟာ သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကထဲကို ရောက်ရှိနေခဲ့တာ ကြာပါပြီ ။ ဗီဒီယိုဇာတ်ကားတွေ တော်တော်များများ ရိုက်ကူးခဲ့ရသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူမကို ပရိသတ်တွေပိုပြီး သတိထားမိသွားတာကတော့ ၂၀၁၈ ခုနှစ် အကယ်ဒမီပေးပွဲမှာ ရွှေကြိုအဖြစ် ပါဝင်ခဲ့တာကြောင့် ဖြစ်ပါတယ်။ အနုပညာလောကက သားသမီးတွေနဲ့အတူ ရွှေကြိုထဲမှာ ပါဝင်ခဲ့တဲ့ သူမကို ပရိသတ်တွေ ပိုပြီး သတိထားမိခဲ့တာ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


Author


က္က