ဒါကြောင့် ပညာတတ်ဖြစ်စေချင်တယ်။

ကိုကိုဦးဟာ ကိုယ်တိုင်က ပညာကိုဆုံးခန်းတိုင်အောင်မသင်ခဲ့ရတဲ့အတွက် အနုပညာအလုပ်အပြင် တခြားစီးပွားရေးတွေ မလုပ်တတ်လို့ နောင်တရမိတယ်လို့ ပြောပါတယ်။ ဒါကြောင့် သားလေး သီဟအောင်ရဲ့ ရှေ့ရေးအတွက် ကောင်းတာလေးတွေ လုပ်ပေးချင်တယ်လို့ ဆိုပါတယ်။

ကိုကိုဦးကတော့ တစ်ဦးတည်းသောသားလေး သီဟအောင် အတွက် ဖခင်တစ်ယောက်ရဲ့ စိတ်ကူးအိပ်မက်တွေကို ရင်ဖွင့်ပြောပြလာပါတယ်။ သားလေးကို ပညာတတ်ကြီးတစ်ယောက်ဖြစ်စေချင်တယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။



“ ကျွန်တော်ကတော့ သားအတွက် Plan တွေ ထားထားပါတယ်။ သူ အနုပညာအလုပ်တွေ လုပ်နေတယ် ဒါပေမယ့် ပညာရေးကိုတော့ ဆုံးခန်းတိုင်အောင် သင်ဖို့တော့ ကျွန်တော် လုပ်ပေးထားတယ်။ ပညာရေးက အဓိက ကျတယ်လေ။ ကျွန်တော်တို့ ပညာရေးမှာ တစ်ပိုင်းတစ ဖြစ်ခဲ့တော့ အနုပညာမှာ အခုလို ရပ်တန့်နေရတာပေါ့။ ကိုယ်သာ ဘွဲ့ရပညာတတ်ဖြစ်ခဲ့ရင် တခြားအလုပ်လေးတွေ လုပ်လို့ရတယ်။ အခုက ဟိုမရောက်ဖြစ်နေတော့ နောင်တတွေ အကြီးကြီးရတယ်။ ဒီနောင်တတွေ သားကို မရစေချင်ဘူး” လို့ သူကဆိုပါတယ်။

သီဟအောင်ရဲ့ နောင်ရေးမှာ စိတ်မပူရအောင်လို့လည်း ကြိုးစားရမယ်လို့ ကိုကိုဦးက ပြောပါတယ်။ ဒါပေမယ့် သီဟအောင်က သားလိမ္မာလေးပါတဲ့။ 

“တစ်ဦးတည်းသော သားဖြစ်တဲ့အတွက် သူ့မှာ မောင်နှမ မရှိဘူးလေ။ဒါကြောင့် သားကို ကျွန်တော်တို့လို အခက်အခဲ မဖြစ်အောင်၊ သူ့အတွက် နောင်ရေးကောင်းအောင် ကျွန်တော်တို့ လုပ်ပေးရမှာပေါ့။ သားက လိမ္မာပါတယ်။ အပေါင်းအသင်းလည်း သိပ်မရှိဘူး သူက။ Fan တွေထဲမှာတောင် မိန်းကလေးက ပိုများပါတယ်” ဆိုပြီးေတာ့ နိုဝင်ဘာလ ၁၅ ရက်နေ့က သီဟအောင်ရဲ့ မွေးနေ့အလှူမှာ ပြောပြခဲ့ပါတယ်။

ကိုကိုဦးဟာ သားဖြစ်သူက အသက်တစ်နှစ် ကြီးလာပေမယ့်လည်း သူ့ရဲ့ မျက်လုံးထဲမှာတော့ ဘာမှ ပြောင်းလဲ သွားတာ မရှိဘူးဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြခဲ့ပါသေးတယ်။

“သူကတော့ အခုချိန်ထိ ကျွန်တော့်မျက်စိထဲမှာ ပြောင်းလဲမှုတော့ သိပ်မတွေ့ဘူး။ ကာတွန်းကားတော့ ဆက်ကြည့်နေတုန်းပဲ။ သူ့ကို ပြောင်းလဲဖို့ကတော့ သား သား ဆိုပြီးတော့ သူ့ကိုယ်သူ ပြောတာဆိုတော့ ကျွန်တော် ဆိုပြီးတော့ ပြောကြည့်ပါလားပေါ့။ သူ ကြိုးစားပြီး ပြောသေးတယ် နောက်တော့လည်း သား ဖြစ်သွားတာပါပဲ’’ လို့ ဆိုပါတယ်။

ကိုကိုဦးကိုတော့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေကနေတဆင့် ပရိသတ်အားပေးမှုတွေရရှိခဲ့သူဖြစ်ပါတယ်။ သူ့အနေနဲ့ လူကြမ်းသရုပ်ဆောင်တစ်ယောက်အဖြစ် သရုပ်ဆောင်ရတဲ့ ကာရိုက်တာတိုင်းမှာဆိုရင် ပရိသတ်တွေရဲ့ အမုန်းကို ခံခဲ့ရသူဖြစ်ပါတယ်။ သားဖြစ်သူ သီဟအောင်ကိုတော့ ၂၀၁၈ ခုနှစ်အတွက် အကယ်ဒမီ ရွှေကြိုမောင် တစ်ဦးအနေနဲ့ ပရိသတ်တွေ စတင်သိရှိခဲ့တာပါ။ အခုဆိုရင်တော့ ပရိသတ်အခိုင်အမာ ရရှိပိုင်ဆိုင်ထားသူတစ်ယောက် ဆိုရင်လည်း မမှားပါဘူး။





ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က