အကြည့်တွေ၊ အပြောတွေ၊ လျစ်လျူတာ ခံရဖူးတယ်။

အေးမြတ်သူဟာ ကျောင်းသူ ဘဝကတည်းကရော၊ အနုပညာအလုပ် စလုပ်တဲ့ အချိန်မှာပါ နှိမ်ခဲ့တဲ့ သူတွေ အများကြီးရှိခဲ့ဖူးတဲ့အကြောင်းပြောပြလာပါတယ်။ 

Photo: Amazing Grace



အေးမြတ်သူကတော့ ကျောင်းတက်တဲ့အရွယ်မှာ သူမက ကောင်လေးတွေ စိတ်ဝင်စားတဲ့ မိန်းကလေးတစ်ယောက်မဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။ အနုပညာအလုပ်တွေ စလုပ်တဲ့အချိန်တုန်းကလည်း တခြားသူတွေရဲ့ နှိမ့်ချတဲ့ အကြည့်မျိုး၊ အပြောမျိုးတွေ ခံခဲ့ရဖူးတဲ့အကြောင်းပြောလာပါတယ်။ 

“ငယ်ငယ်တုန်းကဆိုရင် ကိုယ့်ပုံစံက ပိန်ပိန်၊ ပြားကပ်ကပ်နဲ့ ကျောင်းဆင်းချိန်တိုင်း ကောင်လေးတွေ လာစောင့်ရတဲ့ ကောင်မလေးတွေထဲမှာ ကိုယ်မပါခဲ့ဘူး။ ငယ်ငယ်တုန်းကဆိုရင် ဈေးရောင်းတာ၊ သူငယ်ချင်းတွေနဲ့ ပျော်တာလောက်ပဲ စိတ်ဝင်စားခဲ့တာ။ ကိုယ် Model လုပ်တုန်းကလည်း အခုလို မင်းသမီးတစ်ယောက်ဖြစ်လာမယ်လို့ ဘယ်သူမှ မထင်ကြဘူး။ ဒီကောင်မလေးက မင်းသမီးဖြစ်မှာ မဟုတ်ဘူးဆိုတဲ့ အပြောမျိုးတွေ၊ အကြည့်မျိုးတွေ၊ လျစ်လျူခံရတာမျိုးတွေ ခံစားခဲ့ရဖူးတယ်။ ဒါတွေကို လျစ်လျူပြီး ကိုယ့်ကြိုးစားမှုနဲ့ ကိုယ်ရှေ့ဆက်လာခဲ့တာပါပဲ” ဆိုပြီးတော့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

Photo: Amazing Grace

အေးမြတ်သူကတော့ သူမရဲ့ ငယ်ဘဝဖြတ်သန်းမှုတွေကို မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။ မပြည့်စုံတဲ့ မိသားစုဘဝကနေ ပေါက်ဖွားလာတဲ့ မိန်းကလေးတစ်ယောက်ဖြစ်သလို ပညာသင်တဲ့အရွယ်မှာ လည်း ပညာလည်းရှာ၊ ဈေးလည်း ရောင်းခဲ့ဖူးတယ်လို့ အေးမြတ်သူက ပြောပြခဲ့ဖူးပါတယ်။ အနုပညာအလုပ်ကို အသက် ၁၉ နှစ်အရွယ်ကတည်းက စတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ အခုချိန်မှာတော့ အကယ်ဒမီဆုရှင် မင်းသမီး တစ်ယောက်ဖြစ်လို့နေပါပြီ။ 

Photo: Amazing Grace

အချစ်ရေးနဲ့ ပတ်သက်ပြီးတော့လည်း ငယ်ငယ်လေးကတည်းက ခံစားခဲ့ရဖူးတယ်လို့ အေးမြတ်သူက ပြောပါတယ်။ ချစ်သူများနေ့ရောက်ရင် မိန်းကလေးသူငယ်ချင်းတွေက လက်ဆောင်ရကြပေမယ့် သူမကိုလက်ဆောင်ပေးမယ့် ကောင်လေးတစ်ယောက်မှ မရှိဘူးလို့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က Angle Phoo ဆိုင်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

“ ၈ တန်းအရွယ်တုန်းက ချစ်သူများနေ့မှာ ပလပ်စတစ်အိတ်ထဲ ပန်းသေးသေးလေးတွေ ထည့်ပြီးပေး တာမျိုး၊ သော့ခတ်ထားတဲ့ စာအုပ်လက်ဆောင်လေးတွေ ပေးတာမျိုးတွေရှိကြတယ်။ ဒါပေမယ့် ကိုယ့်ကို ပေးတဲ့သူ တစ်ယောက်မှမရှိတော့ ကိုယ်ကပဲ မလှလို့ အပေးမခံရတာမျိုးဆိုပြီးတော့ စိတ်ထဲမှာ ခံစားခဲ့ရဖူးတယ်။ ငါ ရုပ်ဆိုးနေလို့လား၊ ငါ့ကို ဘယ်သူမှ မချစ်ဘူးလားဆိုတဲ့ အတွေးမျိုး ဖြစ်ခဲ့ဖူးတယ်” လို့ သူက ဆိုပါတယ်။  

Photo: Amazing Grace

အေးမြတ်သူ(Aye Myat Thu)ဟာ အနုပညာလောကမှာ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်လာနိုင်တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ သူမရဲ့ ဘဝဖြတ်သန်းမှုတွေကို ပရိသတ်သိအောင် ပွင့်ပွင့်လင်းလင်း ပြောပြတတ်သူဖြစ်တာကြောင့်လည်း ပရိသတ်တွေက ပိုပြီးတော့ ချစ်ခင်လာကြတာဖြစ်ပါတယ်။ သူမကို ကြည့်လိုက်တိုင်း အမြဲပျော်နေတတ်သူ ဖြစ်တာကြောင့်လည်း ကြည်နူးရတယ်လို့ ပရိသတ်တွေက မှတ်ချက်ပေးထားတာ တွေ့ရပါတယ်။ အေးမြတ်သူရဲ့ အနုပညာသက်တမ်းကလည်း ၁၀ စုနှစ်များစွာတို့ကို ကျော်လွန်လာခဲ့ပါပြီ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က